အစ္စရေးနဲ့ ဟားမတ်စ် ဆက်လက် ပစ်ခတ်

  • 9 ဇူလိုင် 2014
ဓာတ်ပုံ မူပိုင် AFP
Image caption ဂါဇာဒေသကို အစ္စရေးတို့ လေကြောင်း တိုက်ခိုက်စဉ်

ဂါဇာ ကမ်းမြောင်ဒေသမှာ ရှိတဲ့ နေရာ အခု ၁၀၀ ကျော်ကို အစ္စရေးက လေကြောင်းကနေ တိုက်ခိုက်ခဲ့အပြီးမှာ ပါလက်စတိုင်း ဟားမတ်စ် စစ်သွေးကြွတွေကလည်း အစ္စရေး နိုင်ငံ အလယ်ပိုင်းကို ဒုံးကျည်တွေနဲ့ ပြန်လည် တုံ့ပြန် ပစ်ခတ်နေပါတယ်။

ဂါဇာ ဘက်ကနေ တဲလ်အဗစ် မြို့နဲ့ အနီးတဝိုက်ကို ဦးတည် ပစ်ခတ်ခဲ့တဲ့ ဒုံးကျည် ၈ ခုကို အစ္စရေးတို့က ဖျက်ချနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ဂါဇာဒေသနဲ့ မိုင် ၁၀၀ ဝေးတဲ့ ဟတ်ဒါရာ Hadera မြို့မှာ ဒုံးကျည် တစ်ခု ကျရောက် ပေါက်ကွဲခဲ့ပြီး ခုချိန်ထိ အဝေးကွာဆုံး ပစ်ခတ်နိုင်တဲ့ ဟားမတ်စ်တို့ရဲ့ ဒုံးကျည် ဖြစ်ပါတယ်။

အစ္စရေးတို့ရဲ့ နောက်ဆုံးအကြိမ် လေကြောင်း တိုက်ခိုက်မှုအတွင်း ဂါဇာဘက်မှာ လူ ၈ ဦး သေဆုံးခဲ့တယ်လို့ သတင်းတွေ ရရှိပါတယ်။

ခုချိန်ထိ ပစ်ခတ်မှုတွေအတွင်း ပါလက်စတိုင်း ၃၅ ဦး သေဆုံးခဲ့ပြီး ၁၅၀ ကျော် ဒဏ်ရာရခဲ့ပြီလို့ ဂါဇာ ဒေသ အာဏာပိုင်တွေက ပြောပါတယ်။ သေဆုံး ဒဏ်ရာရသူတွေထဲက တစ်ဝက်လောက်ဟာ အရပ်သားတွေ ဖြစ်ပြီး အမျိုးသမီးနဲ့ ကလေးငယ်တွေ ပါဝင်တယ်လို့ သူတို့က ဆိုပါတယ်။

အစ္စရေး ဘက်ကတော့ သူတို့ရဲ့ လေကြောင်း ပစ်မှတ်တွေဟာ ပါလက်စတိုင်းတို့ရဲ့ ကွယ်ဝှက်ထားတဲ့ ဒုံးကျည်ပစ်စင်တွေနဲ့ ဟားမတ်စ် ခေါင်းဆောင်တွေရဲ့ အိမ်တွေ၊ ရုံးတွေသာ ဖြစ်တယ်လို့ ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ