ဂါဇာအရေး ကြားဝင်ပေးမယ်လို့ အိုဘားမားပြော

  • 11 ဇူလိုင် 2014
obama_netanyahu ဓာတ်ပုံ မူပိုင် Reuters
Image caption အမေရိကန် သမ္မတ အိုဘားမားနဲ့ အစ္စရေး ဝန်ကြီးချူပ် နာတန်ယာဟု

ဂါဇာကမ်းမြှောင် မှာ လက်ရှိ ဖြစ်ပေါ်နေ တဲ့ တိုက်ပွဲတွေ အဆုံးသတ်နိုင်ရေး အတွက်၊ အမေရိကန်အစိုးရ အနေနဲ့ ကြားဝင် ဆောင်ရွက်ပေး ဖို့ ပြင်ဆင်ထားတယ် လို့ အမေရိကန် သမ္မတ အိုဘားမား က ပြောလိုက်ပါတယ်။

ပါလက်စတိုင်းတွေဘက် က နယ်စပ်ဖြတ်ကျော် ပစ်ခတ်နေခဲ့ တဲ့ ဒုံးကျည် တိုက်ခိုက်မှုတွေ ကို လက်တုန့်ပြန်တဲ့ အနေနဲ့၊ အစ္စရေးကလည်း လေကြောင်းကနေ တိုက်ခိုက် နေခဲ့တာမှာ၊ အခုဆို ပါလက်စတိုင်း ၈၀ ကျော် သေဆုံးခဲ့ရပြီ လို့ သတင်းတွေ ရထားပါတယ်။

အဲဒီ့ဒေသ အေးချမ်းအောင် ၂ ဘက်စလုံးက၊ အရှိန်မြှင့် တိုက်ခိုက်မှုတွေ ရှောင်ရှားဖို့ လိုတဲ့အပကြောင်း အစ္စရေးဝန်ကြီးချူပ် Benjamin Netanyahu နဲ့ တယ်လီဖုန်း ပြောဆိုရာမှာ၊ မစ္စတာ အိုဘားမားက အလေးထား ပြောခဲ့ပါတယ်။

ဒီအရေးနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ အရေးပေါ် ညီလာခံလည်း ခေါ်ယူခဲ့ပြီး၊ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချူပ် Ban Ki Moon ကလည်း၊ အင်အား အလွန်အကျွံ သုံးစွဲနေမှုတွေဟာ သည်းမခံ နိုင်ဖွယ်ရာဖြစ်ပြီး၊ အရပ်သားတွေက ဓါးစာခံ ဖြစ်နေရတယ်လို့ ဆိုခဲ့ပါတယ်။

ဒါပေမယ့် အရေးပေါ် ညီလာခံ အပြီးမှာတော့၊ အစ္စရေးရဲ့ ကုလသမဂ္ဂ ကိုယ်စားလှယ် Ron Prosor က၊ အစ္စရေးကို ပစ်ခတ်ရင်၊ အကြမ်းဖက်ရင်၊ အစ္စရေး မြို့တွေကို ဒုံးကျည်တွေ ရောက်လာရင်တော့၊ ကျူးလွန်တဲ့သူနောက် အစ္စရေးဘက်က လိုက်လာတာ ကို မအံ့ဩနဲ့ ဆိုပြီး၊ ပြောခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ