အစ္စရေးကြောင့် ဂါဇာမှာ သေဆုံးသူ ၁၀၀ ရှိပြီ

  • 11 ဇူလိုင် 2014
Image copyright AP
Image caption ကားမောင်းနေစဉ် အပစ်ခံရလို့ ပါလက်စတိုင်း ၂ ဦး သေ

ပြီးခဲ့တဲ့ ၄ ရက်တာ ကာလအတွင်း အစ္စရေး တို့ရဲ့ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် အခုအခါ ဂါဇာ ဒေသမှာ သေဆုံးရသူ ပါလက်စတိုင်း စုစုပေါင်း ၁၀၀ ရှိသွားပြီ ဖြစ်ပါတယ်။

အခု နောက်ဆုံး သေဆုံးခဲ့သူ ပါလက်စတိုင်း အမျိုးသား နှစ်ဦးဟာ ဘူရေ့ဂျ် Bureij ဒေသမှာ ကားမောင်းသွားနေတုန်း လေကြောင်းက တိုက်ခိုက်ခံရလို့ သေဆုံးခဲ့တာ ဖြစ်တယ်လို့ ဂါဇာ ဒေသမှာ ရှိတဲ့ ပါလက်စတိုင်း ကျန်းမာရေး ဝန်ကြီးဌာန ပြောခွင့်ရ ပုဂ္ဂိုလ်က ပြောပါတယ်။

အပြန်အလှန် အနေနဲ့ ဂါဇာ ဒေသကနေ ပစ်လွှတ်လိုက်တဲ့ ရော့ကက် ဒုံးကျည်တွေ အစ္စရေး နိုင်ငံ တောင်ပိုင်း အက်ရှ်ဒေါ့ Ashdod မြို့က ဓာတ်ဆီဆိုင် တခုကို ထိမှန်ခဲ့ရာမှာ လူ ၃ ဦး ဒဏ်ရာ ရခဲ့ပြီး တဦးက အခြေအနေ စိုးရိမ်ရတယ်လို့ သိရပါတယ်။

ဒီတိုက်ခိုက်မှုဟာ အစ္စရေး နိုင်ငံထဲမှာ အဆိုးဝါးဆုံး တိုက်ခိုက်ခံရမှုလို့ ယူဆရပါတယ်။

လောလောဆယ်မှာတော့ အပြန်အလှန် ပစ်ခတ် တိုက်ခိုက်မှုတွေအတွင်း အစ္စရေးတို့ဘက်က အသေအပျောက် မရှိသေးပါဘူး။

ခုလက်ရှိ ပဋိပက္ခတွေအတွင်း ပထမဆုံးအကြိမ် အဖြစ် လက်ဘနွန် ဘက်ကလည်း အစ္စရေးနိုင်ငံ မြောက်ပိုင်းကို ဒုံးကျည်တွေနဲ့ ပစ်ခတ်မှုတွေ ရှိခဲ့ပါတယ်။

လက်ဘနွန် စစ်တပ်ကတော့ ဒီပစ်ခတ်မှုရဲ့ လက်သည် တရားခံကို ဖော်ထုတ်ဖို့ ကြိုစားနေတယ်လို့ ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ