အလျှော့မပေးသေးတဲ့ အစ္စရေးနဲ့ ပါလက်စတိုင်း

  • 11 ဇူလိုင် 2014
_israel_attacks ဓာတ်ပုံ မူပိုင် Reuters
Image caption အစ္စရေး လေကြောင်းတိုက်ခိုက်မှု မှ ဒဏ်ရာရ

အစ္စရေး နဲ့ ပါလက်စတိုင်း အကြား အကြမ်းဖက် တိုက်ခိုက်မှု တွေ ရပ်ဆိုင်းစေဖို့ နိုင်ငံတကာ က တိုက်တွန်းကြပေမယ့်၊ အစ္စရေး အနေနဲ့ ဘယ်နိုင်ငံ ရဲ့ ဖိအားပေးမှု ကိုမှ လက်ခံမှာ မဟုတ်ဘူး လို့ အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျာမင် နက်တန်ယာဟူ က ဆိုပါတယ်။

ဂါဇာ က အကြမ်းဖက်သမားတွေ ရဲ့ ဒုံးလက်နက်တွေ နဲ့ ပစ်ခတ်နေမှု တွေ အဆုံးမသတ် သရွေ့၊ အစ္စရေး ဘက်ကလည်း လေကြောင်း တိုက်ခိုက်မှု တွေ နဲ့ တုံ့ပြန်မှာ ပဲ လို ပြောပါတယ်။ ဒါကြောင့် မို့၊ ဘယ်လိုမျိုး ဖိအားပေးမှု တွေ ရှိကြပါစေ၊ ကိုယ့်နိုင်ငံကို ဖျက်ဆီး တိုက်ခိုက်မှု မှန်သမျှ ကို အင်အားသုံး ပြန်တိုက်မှာဘဲ လို့ ဘင်ဂျာမင် နက်တန်ယာဟူ က ပြောသွားတာပါ။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း လည်း လုံခြုံရေး ကောင်စီ မှာ အရေးပေါ် အစည်းအဝေး ခေါ်ပြီး အခုလို နှစ်ဘက် စလုံး အင်အားသုံး တိုက်ခိုက်နေမှု တွေ ကို လက်သင့်မခံနိုင်သလို နောက်ဆုံးမှာ၊ နှစ်ဘက် ပြည်သူတွေ ဘဲ သေကြေပျက်စီးရတဲ့ အကြောင်း ပြောပါတယ်။

ပါလက်စတိုင်း နိုင်ငံခြားရေး ဝန်ကြီး ရစ်ယဒ်အယ်လ်မာလီကီး အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေး နိုင်ငံများ အဖွဲ့ အစည်းအဝေး မှာ အစ္စရေး ဘက်က တိုက်ခိုက်မှု အရှိန် မလျှော့သရွေ့ လူအမြောက်အများ သေကျေဖို့သာ ရှိတယ် လို့ ဆိုပါတယ်။ ဂါဇာ ကမ်းမြောင်မှာ နေကြတဲ့ ပါလက်စတိုင်း ရပ်ကွက် ၈၀၀ ကျော် ကို အစ္စရေး က ပစ်မှတ်ထားပြီး၊ စစ်ဂျက်လေယာဉ်တွေ၊ လက်နက်ကြီးတွေ နဲ့ ပစ်ခတ်နေလို့ အရပ်သားတွေ သေကျေတဲ့ အထဲမှာ အမျိုးသမီးတွေ၊ သက်ကြီးရွယ်အိုတွေ နဲ့ ကလေး တွေ အများဆုံး ပါဝင် တဲ့ အကြောင်း ပြောပါတယ်။

အမေရိကန် ကာကွယ်ရေး ဝန်ကြီး ချဂ်ဟေဂယ်ကတော့ ဒီ အပြန်အလှန် တိုက်ခိုက်မှု တွေ ရပ်ဆိုင်းအောင် အစွမ်းကုန် ကြိုးစားမယ် လို့ ဆိုပါတယ်။ ကြားဝင် စေ့စပ်ပေးမယ့် သူလည်း စဉ်းစားထားတဲ့ အကြောင်း ပြောပါတယ်။