လုံခြုံရေးကောင်စီ နဲ့အစ္စရေးပါလက်စတိုင်း

  • 12 ဇူလိုင် 2014
palestine_israel_strike ဓာတ်ပုံ မူပိုင် Reuters
Image caption ဂါဇာဖက် ဆီ အစ္စရေး ရဲ့ ပစ်ခတ်မှု

အစ္စရေး နဲ့ ပါလက်စတိုင်း အပြန်အလှန် တိုက်ခိုက်နေမှု တွေ အဆုံးမသတ်နိုင်သေး တဲ့ အတွက် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ က နှစ်ဘက် အပစ်ရပ်ဖို့ နှိုးဆော် လိုက်ပါတယ်။

ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ ဥက္ကဋ္ဌ ယူဂျင်း ဂက်စနာ က အရပ်သား တွေ သေကြေ ဒဏ်ရာရမှု များပြားလာတာကို အထူးစိုးရိမ် မကင်းကြောင်း ပြောဆိုယင်း၊ လုံခြုံရေး ကောင်စီ အဖွဲ့ဝင်တွေ အနေနဲ့ ဂါဇာ ဘက် မှာ လေကြောင်းဒဏ် ထိမှန်ရာက အရပ်သားတွေ အများအပြား သေဆုံး ဒဏ်ရာ ရကြတာ စိုးရိမ်သလို၊ အစ္စရေး ဘက် က အရပ်သားတွေ ကိုပါ အကာအကွယ်ပေးရမှာ တွေ ရှိပါ တယ်လို့ ပြောပါတယ်။

ဒါကြောင့်မို့ ၂၀၁၂ ခုနှစ်က နှစ်ဘက် အပစ်အခတ် ရပ်ရေး သဘောတူညီချက် ကို ပြန်လည် လိုက်နာ စေလို တဲ့ အကြောင်းနဲ့ နိုင်ငံတကာ လူသားချင်းစာနာတဲ့ ဥပဒေ ကို လေးစားကြဖို့ လည်းတိုက်တွန်း တဲ့ အကြောင်း ပြောတာပါ။

ကုလသမဂ္ဂဆိုင်ရာ ပါလက်စတိုင်း သံအမတ်ကြီး ရီယဒ် မန်ဆူး ကတော့ အပစ်အခတ်ရပ်ရေး ချက်ချင်း အကောင်အထည် ဖေါ်ဖို့ တောင်းဆို လိုက်ပါတယ်။ လုံခြုံရေး ကောင်စီ ရဲ့ ရပ်တည်ချက် အရ ရန်လို တိုက်ခိုက်မှု တွေ ရပ်ဆိုင်း ပစ်ဖို့ ပြောတဲ့ နေရာ မှာ အခု ချက်ချင်း ပစ်ခတ်မှု တွေ ရပ်ဆဲဖို့ ပြောတာလို့ နားလည်တဲ့ အကြောင်း၊ အဲဒီအတွက် အစ္စရေး ဘက် က လိုက်နာခြင်း ရှိမရှိ ဆိုတာ ကို၊ သူတို့ က လည်း အနီးကပ် စောင့်ကြည့် နေမှာ ပါ လို့ ပြောသွားပါတယ်။

ဒါပေမယ့် အစ္စရေး အစိုးရ ပြောခွင့်ရ မာခ့်ရေဂျက်ဖ် ကတော့၊ သူတို့ရဲ့ ဦးတည်ချက် က ဂါဇာ ကနေ ဒုံးလက်နက်တွေ၊ ပစ်ခတ်မှု ရပ်ဆိုင်းသွားဖို့ ဖြစ်ပုံ၊ သူတို့ ဖက်ကလည်း၊ ဒီ ဒုံးလက်နက်တွေ နဲ့ အစ္စရေး ဘက်ကို၊ ပစ်ခတ်နေတာတွေ မရပ်ရင်တော့၊ မြေပြင် စစ်ဆင်ရေး အတွက် လည်း အသင့်ရှိပါတယ် လို့ ဆိုပါတယ်။

ဒီနှစ်ဘက် ပစ်ခတ်မှု တွေ ကြောင့် ပါလက်စတိုင်းဘက်မှာသာ လူပေါင်းတရာ ကျော် သေဆုံးပြီး အစ္စရေး ဘက် မှာတော့ အဆောက်အဦး တွေ သာ ပျက်စီးပြီး လူအသေအပျောက် မရှိကြောင်း၊ ဘီဘီစီ သတင်းထောက်တွေ က ပြောပါတယ်။