ဂါဇာ တိုက်ခိုက်မှု ၇ ရက် ရှိလာ၊ လူ ၁၇၀ ကျော် သေ

  • 14 ဇူလိုင် 2014
ဓာတ်ပုံ မူပိုင် AFP
Image caption အစ္စရေး လေကြောင်း တိုက်ခိုက်မှု တစ်ခု

ဂါဇာဒေသမှာ အပစ်အခတ် ရပ်စဲဖို့ နိုင်ငံတကာက ဖိအားပေး ပြောဆိုမှုတွေ တိုးပွားလာနေပေမယ့်လည်း အစ္စရေးတို့ဘက်က လေကြောင်းကနေ ထိုးစစ်ဆင် တိုက်ခိုက်နေမှုတွေ လျှော့ချမယ့် ပုံမျိုး မရှိသေးပါဘူး။

ဒါပေမယ့် မြေပြင်ကနေ ထိုးစစ်ဆင် တိုက်ခိုက်မယ်လို့ ခြိမ်းခြောက်ထားတာကိုတော့ ခုချိန်ထိ မလုပ်သေးပါဘူး။

ဂါဇာဘက်နေ အစ္စရေးဘက်ခြမ်းကို ရော့ကက် ဒုံးတွေနဲ့ တိုက်ခိုက်မှုတွေလည်း ဆက်ရှိနေဆဲ ဖြစ်ပါတယ်။

အက်ရှ်ဒေါ့ဒ် မြို့ပေါ်မှာ ဟားမာ့စ်တို့ရဲ့ မောင်းသူမဲ့ လေယာဉ် တစင်းကို ပစ်ချနိုင်ခဲ့တယ်လို့ အစ္စရေး အစိုးရက ပြောပါတယ်။

ဟားမားစ်ရဲ့ လက်နက်ကိုင် အဖွဲ့ကတော့ နောက်ထပ် မောင်းသူမဲ့ လေယာဉ်တွေ ထပ်လွှတ်ထားတယ်လို့ ပြောပါတယ်။ ဒါပေမယ့် ဒီ ပြောကြားချက်ကို အတည်မပြုနိုင်သေးပါဘူး။

လက်ဘနွန်နဲ့ ဆီးရီးယားကနေလည်း ရော့ကက်ဒုံးတွေနဲ့ ပစ်ခတ် တိုက်ခိုက်မှုတွေ ရှိခဲ့ပါတယ်။

အစ္စရေးလ်တို့ဘက်က အမြောက်တွေနဲ့ တုန့်ပြန် ပစ်ခတ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၇ရက်တာ ကာလအတွင်း လူ ၁၇၀ ကျော် သေဆုံးခဲ့ပြီး အများစုဟာ အရပ်သားတွေ ဖြစ်တယ်လို့ ပါလက်စတိုင်း အစိုးရက ပြောပါတယ်။

အစ္စရေးတို့ဘက်ကတော့ အရပ်သားတွေ ထိခိုက် သေဆုံးမှု နည်းနိုင်သမျှ နည်းအောင် သူတို့ အတတ်နိုင်ဆုံး ကြိုးစားနေတယ်လို့ ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ