တရုတ် ထိပ်တန်း တာဝန်ရှိသူတွေကို စစ်ဆေး

  • 15 ဇူလိုင် 2014
Zhou Yongkang ဓာတ်ပုံ မူပိုင် AFP
Image caption အာဏာ လျှမ်းလျှမ်းတောက် ခဲ့သူ ဂျိုယုံခမ်း

အဂတိ လိုက်စားမှု တွေကို အစွမ်းကုန် တိုက်ဖျက်မယ်လို့ ကြွေးကြော် တက်လာတဲ့ တရုတ် သမ္မတ ရှီဂျင်ပင်း ခေတ်မှာ အရင်က အာဏာ လျှမ်းလျှမ်း တောက် ခဲ့သူ ပြည်တွင်း လုံခြုံရေး အကြီးအကဲ ဂျိုယုံခမ်းနဲ့ နီးစပ်သူ ထိပ်တန်း တာဝန်ရှိသူ ၃ ဦး ကို စုံစမ်း စစ်ဆေးမှုတွေ လုပ်နေပါပြီ။

သူတို့ကို ရာဇဝတ်မှု ကိစ္စရပ် တွေနဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံ ထိပ်တန်း အစိုးရ ရှေ့နေ ကနေ စစ်ဆေးမှုတွေ လုပ်နေတာပါ။

အစိုးရဘက် ကထုတ်ပြန်တဲ့ ကြေညာချက် ထဲမှာတော့ လီဒုံရှန်း၊ ဂျန် ဂျီမင်း နဲ့ ဝမ်ယုံချွန်း တို့ သုံးဦးကို လာဘ် ယူမှုနဲ့ စွဲချက်တင် ထားတယ်လို့ ဆိုထား ပါတယ်။

မစ္စတာလီ ဟာ လုံခြုံရေး ဒုဝန်ကြီးဖြစ်ပြီး ဖေဖော်ဝါရီလ ကမှ စည်းကမ်း ချိုးဖောက်တာတွေ ဆိုးဆိုးဝါးဝါး ရှိခဲ့တယ်ဆိုပြီး သူ့ကို ရာထူးက ထုတ်ပစ် လိုက်တာပါ။

မစ္စတာ ဂျန်ဟာ တရုတ် ရေနံကုမ္ပဏီ ဖြစ်တဲ့ CNPC ကို ကြီးကြပ်ရတဲ့ ကော်မရှင် ဥက္ကဋ္ဌ ဖြစ်ပါတယ်။

မစ္စတာ ဝမ်ကတော့ CNCP ရဲ့ ထိပ်တန်း အရာရှိ တဦး ဖြစ်ပါတယ်။

မစ္စတာ လီနဲ့ မစ္စတာ ဂျန်တို့ နှစ်ဦးဟာ အခုနက ပြောခဲ့တဲ့ တချိန်က သြဇာ အာဏာ အရှိန် အဝါ ကြီးခဲ့သူ မစ္စတာ ဂျို ရဲ့ အနီးကပ် မိတ်ဆွေတွေ ဖြစ်နေ တာကို တွေ့ရပါတယ်။

အဲဒီ မစ္စတာ ဂျိုဟာလည်း အခုဆိုရင် အဂတိ လိုက်စားမှုနဲ့ စုံစမ်း စစ်ဆေးခံ နေရတယ်ဆိုပြီး အများက ကျယ်ကျယ် ပြန့်ပြန့် ယုံကြည် နေတာပါ။

အခုအချိန် အထိတော့ ဒါကို တရားဝင် အတည် မပြုနိုင်သေး ပါဘူး။

ဟုတ်ခဲ့ ရင်တော့ အခုလို အာဏာ အဆင့်မြင့် ပေါလစ်ဗျူရို ကော်မတီဝင် ဟောင်း တဦးကို ပစ်မှတ်ထား ဆောင်ရွက်တာ ဒါပထမဆုံး ဖြစ်ပါလိမ့်မယ်။

အမှန်တော့ ဒါဟာ သမ္မတ ရှီဂျင်ပင်းရဲ့ သူ့ပြိုင်ဘက်တွေ အပေါ် ချေမှုန်းတာ ဖြစ်ပြီး ဒီပွဲမှာ သမ္မတရှီ အနိုင်ရသွားတာ ဖြစ်တယ်လို့ တရုတ် နိုင်ငံရေး အကဲခတ် ဒုနီဝမ်း ကတော့ ပြောပါတယ်။ ရှီဂျင်ပင်း အနိုင်ရတာ ဖြစ်ပေမယ့် တဘက်မှာ ပြစ်ဒဏ် ဘယ်လောက် ချမလဲ ဆိုတာ မေးခွန်း ထုတ်စရာ ဖြစ်နေပြီး ဒါဟာ မစ္စတာ ရှီရဲ့ နိုင်ငံရေး ဗျူဟာ ဘယ်လောက် ရှိနေသလဲ ဆိုတဲ့ အပေါ် မူတည်တယ်လို့ တရုတ် နိုင်ငံရေး အကဲခတ် ဒုနီဝမ်းက ပြောပါတယ်။

သမ္မတ ရှီဂျင်ပင်း ကတော့ သူပေးထားတဲ့ ကတိ အတိုင်း တကယ်ကို ဆောင်ရွက် နေတာလို့ ပြောရမှာပါ။

တရုတ်နိုင်ငံမှာ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်နေတဲ့ အဂတိ လိုက်စားမှု တွေဟာ တရုတ် ကွန်မြူနစ် ပါတီ ဆက်လက် ရှင်သန် ရပ်တည် နိုင်ရေးကို ခြိမ်းခြောက်နေ တယ်လို့လည်း သမ္မတ က သတိပေး ထား ပါတယ်။

တချိန်တုန်း ကတော့ မစ္စတာ ဂျိုဟာ တိုင်းပြည်ရဲ့ သြဇာ အာဏာ အရှိဆုံး ပုဂ္ဂိုလ် တဦး ဖြစ်ခဲ့သလို သူ့ကို နိုင်ငံရေး သမားတွေက ကြောက်ရွံ့နေ ခဲ့ရတာပါ။

အခုတော့လည်း အများ ပြည်သူရှေ့ မတွေ့ရတာ လနဲ့ချီ ကြာနေပြီ ဖြစ်ပြီး နေအိမ် အကျယ်ချုပ် တောင် ချခံနေရပြီ ဆိုတဲ့ သတင်းတွေ ကလည်း ထွက်ပေါ်နေပါတယ်။

သမ္မတရဲ့ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး အစီအစဉ်ထဲ စွဲချက်တင်ခဲ့ ရတဲ့ အထဲမှာ မစ္စတာ ဂျိုဟာ အဆင့်မြင့်ဆုံး အရာရှိ ဖြစ်မယ်လို့လည်း ထင်ကြေးပေး ပြောဆိုမှုတွေ ထွက်ပေါ် နေပါတယ်။

အခုလို သတင်းတွေ ကြောင့် ထိပ်တန်း အာဏာရ ပုဂ္ဂိုလ်ကြား တုန်လှုပ်မှု တွေ ဖြစ်နေပါတယ်။

ဒါဟာ သမ္မတ ရှီဂျင်ပင်း အနေနဲ့ သူ့ အာဏာကို ခိုင်မာအောင် လုပ်တဲ့ လက္ခဏာ အဖြစ် တွေ့မြင်ရပြီး ပြိုင်ဖက် နိုင်ငံရေး ဂိုဏ်းကွဲတွေ အပေါ် ဆန့်ကျင်တဲ့ နေရာ မှာလည်း ယုံကြည်မှု အပြည့် ရှိနေတယ် ဆိုတာကို ပြသ နေတယ်လို့ ဘီဘီစီ သတင်းထောက် မာတင် ပေးရှန့်စ် က သုံးသပ် ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ