ဂါဇာမှာ တိုက်ခိုက်မှုတွေ ပြန်လည် စတင်

  • 15 ဇူလိုင် 2014
ဓာတ်ပုံ မူပိုင် AFP
Image caption ဂါဇာဘက်က အစ္စရေးကို အကြိမ် ၅၀ ကျော် ပစ်ခတ်ခဲ့ဟု ဆို

အပစ်အခတ် ရပ်စဲရေးတွေ စတင်ဖို့ ကြိုးပမ်း နေချိန် မှာပဲ ဂါဇာမှာ ရှိတဲ့ ပါလက်စတိုင်း ဟားမတ်စ် အုပ်စုအပေါ် တိုက်ခိုက်မှုတွေ ပြန်စနေပြီလို့ အစ္စရေး စစ်ဘက်က ပြောပါတယ်။

ရုပ်သံကနေ ပြသတဲ့ ပုံတွေမှာလဲ ဂါဇာ ကောင်းကင်မှာ အစ္စရေး လေကြောင်း တိုက်ခိုက်မှုကြောင့် မီးခိုးလုံးကြီးတွေ တက်လာနေတာတွေ မြင်ရပါတယ်။

တကယ်က အီဂျစ် ကြားဝင် ညှိနှိုင်းပေးတဲ့ အပစ် ရပ်စဲရေးကို လိုက်နာဖို့ မနေ့ညက အစ္စရေး ဘက်က လက်ခံ သဘောတူခဲ့ပြီး ဖြစ်ပါတယ်။

ဒါပေမယ့် ဟားမတ်စ် ဘက်က အဲဒီ အပစ်ရပ်ရေး မူကို မလိုက်နာဘဲ ဒုံးကျည်နဲ့ ပစ်ခတ်မှုတွေ ဆက်လုပ်နေမယ် ဆိုရင် အင်အားသုံး တိုက်ခိုက်သွားမှာ ဖြစ်တယ်လို့ အစ္စရေး ဝန်ကြီးချုပ် နေတန်ညာဟုက သတိပေးထားခဲ့ပါတယ်။

ဒီနေ့ အင်္ဂါနေ့မှာ ဟားမတ်စ် ဘက်က တိုက်ခိုက်မှု အကြိမ် ၅၀ ကျော် ပြုလုပ်ခဲ့တယ်လို့ အစ္စရေးက ပြောပါတယ်။

အပစ် ရပ်စဲရေးနဲ့ ပတ်သက်ပြီး ဟားမတ်စ် ဘက်က ဘာမှ တရားဝင် တုံ့ပြန် ပြောဆိုတာ မရှိသေးပါဘူး။

ဒီသတင်းနဲ့ပတ်သက်သမျှ