မလေးလေယာဉ် ယူကရိန်းအရှေ့ပိုင်းမှာ ပျက်ကျ

  • 17 ဇူလိုင် 2014
_malaysia_plane_crash_ ဓာတ်ပုံ မူပိုင် AP
Image caption မလေး လေယာဉ်ပျက် အစိတ်အပိုင်းတွေ

ယူကရိန်း အရှေ့ဘက်ခြမ်း မှာ၊ မလေးရှား လေကြောင်းလိုင်း က လေယာဉ်တစ်စင်း ပစ် အချခံခဲ့ရပြီး၊ လေယာဉ်ပေါ် လိုက်ပါလာတဲ့ လူ ၂၉၅ ယောက် စလုံး၊ သေဆုံးသွားတယ် လို့၊ ယူကရိန်း အစိုးရက ပြောကြား လိုက်ပါတယ်။

အဲဒီ့ မလေးလေယာဉ် MH17 ဟာ နယ်သလန်နိုင်ငံ မြို့တော် Amsterdam ကနေ၊ မလေးရှား မြို့တော် Kuala Lumpur ကို ပျံသန်းတဲ့ ခရီးစဉ်မှာ၊ အခုလို ဖြစ်ခဲ့ရတာပါ။

ယူကရိန်း သမ္မတ ပိုရိုရှင်ကိုက၊ အစိုးရတပ်တွေနဲ့ တိုက်ခိုက်နေတဲ့ အရှေ့ဘက်ခြမ်းက ခွဲထွက်ရေး သူပုန်တွေရဲ့ လက်ချက်လို့ စွပ်စွဲနေပါတယ်။ သူပုန်တွေကလည်း သူတို့ ပစ်ချခဲ့တာ မဟုတ်ဘူးဆိုပြီး ငြင်းဆိုထားပါတယ်။

ဒါပေမယ့်၊ ခွဲထွက်ရေး သူပုန်တွေက၊ သူတို့ အရပ်ဖက် လေယာဉ်တစ်စင်း ကို ပစ်ချခဲ့ကြောင်း၊ ရုရှားတွေဆီ ပြောဆိုထား ကို၊ ကြားဖြတ် ဖမ်းယူထားတဲ့ တယ်လီဖုန်း ပြောဆိုမှု ဆိုပြီး၊ ယူကရိန်း အစိုးရ က ထုတ်ပြန် လိုက်ပါတယ်။

လေယာဉ်ဟာ ဘယ်လို ကြမ္မာမျိုး နဲ့၊ ကြုံခဲ့ရသလဲ ဆိုတာ ဖော်ထုတ်ဖို့ အတွက် အမေရိကန်က လိုအပ်တဲ့ အကူအညီ ပေးမယ် လို့ သမ္မတ အိုဘားမားက ဆိုပါတယ်။ ရုရှား သမ္မတ ပူတင် ကတော့၊ အခုလို ပျက်ကျခဲ့တာဟာ ယူကရိန်း အစိုးရမှာ တာဝန်ရှိတယ် လို့ ပြောဆိုခဲ့ပါတယ်။

ဒီလေယာဉ်ပေါ် လိုက်ပါလာခဲ့ကြသူတွေထဲ နယ်သလန်က ဒတ်ချ် လူမျိုးတွေ အများစု ဖြစ်ပါတယ်။

အခုဆိုရင်၊ လေယာဉ်ပေါ် လိုက်ပါခဲ့ကြတဲ့ သူတွေ ရဲ့၊ ဆွေမျိုး မိသားစုဝင်တွေဟာ၊ Amsterdam မှာ ရှိတဲ့ စကစ်ပ်ပိုးလ် လေဆိပ်ကို စတင် ရောက်ရှိ လာနေကြပါတယ်။ လေယာဉ်နဲ့ ပတ်သက်တဲ့ သတင်းတွေ စောင့်ဆိုင်း ရယူဖို့ အတွက်၊ သူတို့တွေကို သီးသန့် နေရာချထား ပေးနေတယ် လို့ လေဆိပ် အာဏာပိုင်တွေ က ပြောပါတယ်။

အခု ပျက်ကျသွားခဲ့တဲ့ ဒေသမှာ၊ ကျန် လေယာဉ်တွေ အားလုံးလည်း၊ ဖြတ်သန်း မပျံဖို့ အတွက်၊ ဥရောပ ရဲ့ လုံခြုံ ဘေးကင်းရေး ဆိုင်ရာ ထိန်းချူပ်ရေး အဖွဲ့ Eurocontrol က၊ လေကြောင်းလမ်းတွေ ကို လွှဲပေးပြီး၊ ပျံသန်း ခိုင်းနေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ