ဂါဇာမှာ အိမ်စွန့်ခွာပြေးရသူ ၄သောင်းကျော်

  • 19 ဇူလိုင် 2014
_israel_gaza_conflic ဓာတ်ပုံ မူပိုင် Reuters
Image caption ဂါဇာက ပါလက်စတိုင်း အမျိုးသား

ဂါဇာဒေသ မှာ၊ အစ္စရေးက မြေပြင် စစ်ဆင်ရေး တွေ ပြုလုပ်လာ ကတည်းက၊ အိုးအိမ်တွေ ကို စွန့်ခွာ ထွက်ပြေးရပြီး၊ ယာယီနေထိုင်ဖို့ စခန်းနေရာတွေ ကို ရှာဖွေ နေကြရ တဲ့ အရေအတွက် ဟာ၊ တစ်ရက် အတွင်းမှာကို၊ ၂သောင်း ၂ ထောင် ကနေ ၄ သောင်းကျော်၊ ၂ ဆ မြင့်တက်ခဲ့ရတယ် ဆိုပြီး၊ ဂါဇာမှာရှိ တဲ့ ကုလသမဂ္ဂ အရာရှိ တွေက ပြောပါတယ်။

အစ္စရေးတို့ ရဲ့ နယ်စပ်တလျှောက် ဗုံးမိုးရွာနေမှု နဲ့၊ ဂါဇာတောင်ပိုင်း မြေပြင် ပစ်ခတ်မှုတွေ ကြောင့်၊ ပါလက်စတိုင်း အရပ်သားတွေဟာ ဂါဇာ အနောက်ဘက်ပိုင်း ကို ဦးတည် ထွက်ပြေး နေကြတယ် လို့ ဆိုပါတယ်။ သောကြာနေ့က စပြီး၊ အစ္စရေး သံချပ်ကာကားတွေ ရဲ့ ပစ်ခတ်မှု တွေ တိုးမြင့် လာနေတယ် လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၄ နာရီ အတွင်း၊ ပါလက်စတိုင်း အယောက် ၄၀ ထက်မက၊ သေဆုံးခဲ့ရပါ တယ်။ အစ္စရေးဘက်က အချင်းချင်း ပစ်ခတ်မိပြီး၊ စစ်သား တစ်ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။

အမေရိကန် သမ္မတ အိုဘားမား က၊ အစ္စရေး ဝန်ကြီးချူပ် နာတန်ယာဟု ဆီ၊ ဖုန်းနဲ့ ဆက်သွယ် စကားပြောဆိုခဲ့တာ မှာ၊ အစ္စရေး ရဲ့ ကိုယ့်ကိုယ်ကိုယ် ခုခံပိုင်ခွင့် ရှိတဲ့ အပေါ်၊ အမေရိကန်က ထောက်ခံပါကြောင်း၊ အထူးအလေးပေး ပြောခဲ့သလို၊ စစ်ရေးအရ တိုက်ခိုက်မှုတွေ ပိုမို မဖြစ်ပေါ်ဖို့ လည်း သတိထား ဆောင်ရွက် ဖို့ ပြောဆိုခဲ့ပါတယ်။

အစ္စရေးရဲ့ လုံခြုံရေးဆိုင်ရာ ကက်ဘိနက် အစည်းအဝေးမှာ တော့၊ ပါလက်စတိုင်း လက်နက်ကိုင်တွေ ရဲ့ ဒုံးကျည်တွေ ဝှက်ထားတဲ့ လှိုင်ခေါင်းတွေကို ရှာဖွေ ဖျက်စီးနိုင်ဖို့ ရာ၊ ဂါဇာမှာ မြေပြင် စစ်ဆင်ရေးတွေ တိုးချဲ့ ပြုလုပ်ကြမလား ဆိုတာကို တိုင်ပင်နေကြပါ တယ်။

သောကြာနေ့တုန်းက ပါလက်စတိုင်း လက်နက်ကိုင်တွေ ဟာ၊ အစ္စရေးတောင်ပိုင်း ကို၊ ဒုံးကျည်တွေ နဲ့၊ တနေကုန် ပစ်ခတ် ခဲ့ကြပါတယ်။ ဒီကနေ့ ဂျူလိုင် ၁၉ ရက် စနေမှာ အစ္စရေးနဲ့ ဟားမတ်စ် အဖွဲ့အကြား၊ ကြားဝင် ညှိနှိုင်းပေးဖို့ ရာ၊ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှုးချူပ် ဘန်ကီမွန်းဟာ၊ အရှေ့အလယ်ပိုင်း ဒေသကို သွားရောက်မှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ