မလေးရှားလေယာဉ်ပျက်ကျရာ မှာ စစ်ဆေးခွင့်ရရေး

  • 19 ဇူလိုင် 2014
malaysia_airline
လေယာဉ်ပျက်ကျရာ နေရာမှ လက်နက်ကိုင်အဖွဲ့

ယူကရိန်း နိုင်ငံအရှေ့ဖက် ပျက်ကျခဲ့တဲ့ အခင်းဖြစ်ပွားရာ နေရာ ကို ဥရောပ လုံခြုံရေး နဲ့ ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ OSCE က ဒုတိယမြောက်နေ့ အဖြစ် သွားရောက် လေ့လာခွင့် ရပေမယ့် ဒီနယ်မြေ ကို ထိန်းချုပ် ထားတဲ့ လက်နက်ကိုင် အဖွဲ့ က ခွင့်ပြုတဲ့ နေရာ ဘဲ ကြည်ရှုခွင့် ရကြောင်း ပြောပါတယ်။

ယူကရိန်းအစိုးရ ထုတ်ပြန်တဲ့ ကြေညာချက် မှာလည်း အထက်ပါ ရုရှ လိုလားတဲ့ လက်နက်ကိုင် အဖွဲ့ဝင်တွေ ဟာ လေယာဉ်ပျက်ကျရာ မှာ သေဆုံးတဲ့ ရုပ်အလောင်း တချို့ ကို ဒေါ့ညက်စ်မြို့ရှိ ရေခဲတိုက် ဆီ ရွှေ့ပြောင်း သယ်သွားတဲ့ အတွက် သက်သေ အထောက်အထားတွေ ဖျောက်ဖျက်တဲ့ သဘော သက်ရောက်တယ် လို့ ဖေါ်ပြထားပါတယ်။

တချို့ သတင်းထောက်တွေ ကလည်း ရုပ်အလောင်း တချို့ ကို လူသေအလောင်း ထည့်တဲ့ အိတ်အမဲကြီးတွေ ထဲ ထည့်ပြီး လမ်းဘေးဆွဲချထားတယ် လို့ ပြောပါတယ်။ ဒီသတင်းတွေ နဲ့ ပတ်သက် လို့ နယ်သလင် ဝန်ကြီးချုပ် မာခ့်ရူတာ က အကြီးအကျယ် အမျက်ထွက်ပြီး၊ ဒီလုပ်ရပ်ဟာ သေဆုံးသူတွေ ကို မထီမဲ့မြင်၊ ဂရုမစိုက်၊လူမဆန် ကြတဲ့ အကြောင်း ပြောပါတယ်။

ဒီလေယာဉ် ပျက်ကျ ရာမှာ ဒပ်ချ် လူမျိုး ၂၀၀ ခန့် သေဆုံးစရင်း ဝင်ပါတယ်။ ဒါကြောင့် မို ရုရှသမ္မတ ပူတင် ကို တယ်လီဖုန်းဆက် ပြောကြားရာ မှာ ရုရှ ခေါင်းဆောင်တယောက် အနေနဲ့ လေယာဉ်ပျက် ကျတဲ့ စုံစမ်းစစ်ဆေးမှု မှာ အကူအညီ ပေးပါတယ် ဆိုတဲ့ နောက်ဆုံးအခွင့်အရေး ကို ရယူပြသ ဖို့ လိုတဲ့ အကြောင်း ထည့်သွင်းပြောတာ ကို သတင်းစာ ရှင်းလင်းပွဲ မှာ ပြောသွားပါတယ်။

သူ့အနေနဲ့ လေယာဉ်ပျက်ကျတဲ့ အမှု မှာ လိုအပ်တဲ့ အကူအညီ ကို အလေးအနက် ထားပြီး ပေး ပါတယ် ဆိုတာ ကို ကမ္ဘာ ကို ပြသဖို့ အချိန်လည်း သိပ်မကျန် တော့ပါဘူး။ ယူကရိန်း သူပုန် တွေ အပေါ် မှာ သူ့သြဇာ ကို အသုံးပြုပြီး၊ နယ်သလင်နိုင်ငံ နဲ့ ကမ္ဘာ ကို သူတာဝန်ယူရမယ့် အပိုင်းကို ခိုင်ခိုင်မာမာ ပြဖို့ လိုတဲ့ အကြောင်း ရုရှသမ္မတ ပူတင်နဲ့ ပတ်သက်လို့ ရှင်းပြသွားတာပါ။

မလေးရှား သယ်ယူပို့ဆောင်ရေး ဝန်ကြီး လရောင်တီရောင်လိုင် ကလည်း လေယာဉ် ဟာ တားမြစ်ဝေဟင် ဇုံဘက် ရွှေ့လျှားပျံသန်းတာ မဟုတ်တဲ့ အကြောင်း၊ ဒီဝေဟင် လေကြောင်းလမ်း အတိုင်း ရာဂဏန်းချီတဲ့ ခရီးသည်တင် လေယာဉ်တွေ ဖြတ်သန်း နေတဲ့ အကြောင်း ပြောပါတယ်။ ဒါကြောင့် မို့ လေယာဉ်ပျက်ရခြင်း အကြောင်းရင်း ဖေါ်ထုတ်နိုင်အောင်၊ စုံစမ်းစစ်ဆေးရေး လမ်းကြောင်း ပွင့်အောင် ယူကရိန်း အာဏာပိုင်တွေ ကိုလည်း ပန်ကြား လိုက်ပါတယ်။ နောက်ပြီး လေယာဉ်ကို ပစ်ချတဲ့သူကိုလည်း တရားခွင် တင်စစ်နိုင်ရေးလည်း၊ ကမ္ဘာ ကို အကူအညီ တောင်းပါတယ်။

သူတို့ အနေနဲ့ သက်ဆိုင်တဲ့ အာဏာပိုင်တွေ ကို ပန်ကြားရာမှာ လေယာဉ်ပျက်ကျတဲ့ နေရာ မှာ မသက်ဆိုင်တဲ့ လူတွေ ကို ရှင်းပေးပါ။ ဒီနေရာ ကို သေသေချာချာ စစ်ဆေးခွင့် ရမှ သက်သေ အထောက်အထားတွေ ရမယ့် အကြောင်း၊ နိုင်ငံပေါင်း ၁၁ နိုင်ငံ က နိုင်ငံသားတွေ ရဲ့ ရုပ်အလောင်းတွေ အနက် ဘယ်သူဘယ်ဝါ ဆိုတာ ခွဲလို့ မရသေးပုံ၊ ဒီခရီးသည်တွေ ဟာ ယူကရိန်း ပဋိပက္ခ နဲ့ လည်း ဘယ်လိုမှ ပတ်သက်သူတွေ မဟုတ်တဲ့ ကြားက အကြမ်းဖက်မှု ကြောင့် သေဆုံးကြရ တာပါ လို့ ရှင်းပြ ပါတယ်။