လေယာဉ်အထောက်အထားတွေ ဖျက်ဆီးတယ်လို့ သူပုန်တွေ စွပ်စွဲခံရ

  • 19 ဇူလိုင် 2014
Ukraine ဓာတ်ပုံ မူပိုင် AP
Image caption လေယာဉ်ပျက်ကျတဲ့နေရာက သူပုန်တွေ ထိန်းချုပ်ထားတဲ့နေရာ ဖြစ်ပါတယ်။

မလေးရှားလေယာဉ် MH17 ပျက်ကျတဲ့ ယူကရိန်းအရှေ့ပိုင်း နေရာမှာ သေဆုံးသူတချို့ရဲ့ အလောင်းတွေကို ရှင်းလင်း ဖယ်ရှားနေပါတယ်။

လေယာဉ်ပျက်ကျတဲ့ နေရာဟာ ရုရှားလိုလားသူ ခွဲထွက်ရေး သူပုန်တွေ ထိန်းချုပ်ထားတဲ့ နေရာဖြစ်ပါတယ်။ အခု အလောင်းတွေကို ရှင်းလင်းနေသူတွေကို မေးကြည့်ရာမှာ သူတို့ ဘယ်သူဘယ်ဝါဖြစ်တယ်၊ ဘယ်အဖွဲ့က ဖြစ်တယ် ဆိုတာ ပြောဆိုဖို့ ငြင်းတဲ့အကြောင်း အဲဒီက ဘီဘီစီသတင်းထောက်က ပြောပါတယ်။

အစောပိုင်းကတော့ လေယာဉ်ပျက် အထောက်အထားတွေကို သူပုန်တွေက ဖျက်ဆီးဖို့ ကြိုးစားနေတယ်ဆိုတဲ့ ယူကရိန်းအစိုးရရဲ့ စွပ်စွဲချက်ကို ဒွန်းညက်စ်ခ်မြို့က သူပုန်ခေါင်းဆောင်တစ်ဦးက ပယ်ချလိုက်ပါတယ်။

သူပုန်တွေဟာ လေယာဉ်ပျက်ကျတဲ့နေရာကို စစ်ဆေးဖို့ လာတဲ့ ဥရောပစစ်ဆေးရေးမှူးတွေကို အစောပိုင်းက ဝင်ရောက်ခွင့် ပိတ်ပင်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ အကန့်အသတ်နဲ့ ဝင် စစ်ဆေးခွင့်ပြုလိုက်ပါတယ်။

အမေရိကန်ကို ရရှားတုံ့ပြန်

ဒီသတင်းနဲ့ တဆက်တည်းမှာပဲ အနောက်နိုင်ငံတွေဟာ ရုရှားနဲ့ သတင်းအချက်အလက် စစ်ပွဲ ဆင်နွဲနေတယ်လို့ မော်စကိုကနေ စွပ်စွဲလိုက်ပါတယ်။

လေယာဉ်ပျက်ကျမှုမှာ ခွဲထွက်ရေးသူပုန်တွေကို အပြစ်တင်နေမယ့်အစား ယူကရိန်းအစိုးရရဲ့ လေကြောင်းကာကွယ်ရေး စနစ်ကိုပဲ မေးခွန်းထုတ်သင့်တယ်လို့ ရရှား ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

ဒီအတောအတွင်းမှာပဲ အမေရိကန်ရဲ့ ပိတ်ဆို့မှုကို တုံ့ပြန်တဲ့အနေနဲ့ အမေရိကန်နိုင်ငံသားတချို့ရဲ့ ခရီးသွားလာခွင့်ကိုလည်း ရရှားက ကန့်သတ်လိုက်ပါတယ်။