ခရီးသည် ရုပ်အလောင်းတွေ ကီးယက်ဗ်ကိုသယ်မယ်

  • 21 ဇူလိုင် 2014
_cars_refrigirators
အလောင်းတွေ တင်ထားတဲ့ ရထား အအေးခန်း အတွဲတွေ

ယူကရိန်း နိုင်ငံ အရှေ့ဘက်ခြမ်း က၊ ခွဲထွက်ရေး သူပုန်တွေ ရဲ့ ပြောခွင့်ရသူ က၊ ပျက်ကျခဲ့တဲ့ မလေးလေယာဉ်ပျံ ရဲ့ ခရီးသည် ရုပ်အလောင်း ၂၀၀ နီးပါးကို၊ တောရက်ဇ် မြို့ အနီးမှာ ရှိတဲ့၊ အအေးခန်း ရထားတွဲတွေ ထဲ၊ ရွှေ့ပြောင်း တင်ထားတယ် လို့ ပြောပါတယ်။

ဥရောပ လုံခြုံရေး ဆိုင်ရာ စောင့်ကြည့် လေ့လာရေး OSCE အဖွဲ့က လည်း၊ အဆိုပါ ရထားတွဲတွေ ပေါ်မှာ၊ ရုပ် အလောင်းထည့် တဲ့ အိတ်တွေ အများအပြား မြင်ခဲ့ရတယ် လို့ ဆိုပါတယ်။

ဒီ ရထားတွဲတွေ အေးနေအောင်၊ ဖွင့်ထားရတဲ့ အင်ဂျင်အတွက် ဆီတွေ ကုန်ကာနီး ဖြစ်နေပြီ လို့၊ သူပုန်တွေဘက် က ပြောကြောင်း၊ အဲဒီ့မှာ ရောက်နေတဲ့၊ ဘီဘီစီ သတင်းထောက် က ဆိုပါတယ်။

ယူကရိန်းနိုင်ငံ မြို့တော်ကီးယက်ဗ် ကို ရောက်နေတဲ့ မလေးရှား ပို့ဆောင်ရေး ဝန်ကြီး လျောင် တိယော်န် လိုင်း က၊ အလောင်းတွေ ကို တင်ဆောင်ထား တဲ့ ရထားတွဲတွေ ဟာ၊ ကီးယက်ဗ်ကို လာလိမ့်မယ် ဆိုပြီး ပြောပါတယ်။

ဒီအချိန်မှာပဲ၊ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီက၊ မလေးလေယာဉ်ကို ပစ်ချခဲ့တဲ့ ဒုံးကျည် စနစ်ကို၊ သူပုန်တွေဆီ ရုရှားက ထောက်ပံ့ ပေးခဲ့တာ ဖြစ်တယ် လို့ စွပ်စွဲ ခဲ့ပါတယ်။

လေယာဉ် ပျက်ကျရာ အရပ်မှာ လည်း သူပုန်တွေကြောင့်၊ ခြေရာလက်ရာတွေ အကုန် ပျက်နေတဲ့ အပေါ်ကို မစ္စတာ ကယ်ရီက ဝေဖန်ခဲ့ပါ တယ်။

အခုဆို ပြင်သစ်၊ ဗြိတိန် နဲ့ ဂျာမဏီ နိုင်ငံတွေကနေ၊ ရုရှား သမ္မတ ပူတင်ကို၊ သူပုန်တွေ အပေါ် နိုင်ငံတကာ အသိုင်းအဝိုင်း နဲ့ အတူ လက်တွဲလုပ် ဖို့ ၊ ဖြောင့်ဖြပေးပါရန်၊ တိုက်တွန်း ထားပါတယ်။