အစ္စရေး ဆက်တိုက်၊ ပါလက်စတိုင်း ၆၀၀ ကျော် သေ

  • 22 ဇူလိုင် 2014
ဓာတ်ပုံ မူပိုင် AFP
Image caption ဂါဇာမှာ အရပ်သားတွေ အထိနာနေ

ဂါဇာမှာ အစ္စရေးတို့ ဗုံးကြဲ တိုက်ခိုက်မှုတွေ ဆက်လက် လုပ်ဆောင် နေတာကြောင့် သေဆုံးသူ ပါလက်စတိုင်း ၆၀၀ ကျော် သွားပြီလို့ ဂါဇာ ကျန်းမာရေး ဝန်ကြီးဌာနက ပြောပါတယ်။

မနေ့ညက တိုက်ခိုက်မှုမှာ ဂါဇာ ဒေသက ဗလီ အချို့နဲ့ အားကစားကွင်း တစ်ခု အပါအဝင် ပစ်မှတ် ၇၀ ကျော်ကို အစ္စရေးတို့က တိုက်ခိုက်ခဲ့ကြပါတယ်။

ဂါဇာဒေသဟာ လူနေ ထူထပ်တဲ့ နေရာဖြစ်ပြီး ရှောင်ပုန်းစရာ နေရာ မရှိတာကြောင့် ဂါဇာက အရပ်သားတွေရဲ့ အခြေအနေဟာ အထိနာပြီး အလွန် ဆိုးရွားနေတယ်လို့ ကုလသမဂ္ဂ အေဂျင်စီတွေက ပြောပါတယ်။

အစ္စရေးတို့ရဲ့ ဗုံးဒဏ်ကြောင့် ဆေးရုံ ၁၈ ရုံနဲ့ ဆေးပေးခန်း အချို့ ပျက်စီးကုန်တယ်လို့လည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ပြောပါတယ်။

အစ္စရေး ဘက်ကတော့ စစ်သား တစ်ဦး ပျောက်ဆုံးနေတယ်လို့ ဆိုပြီး သေဆုံးသွားပြီလို့ ယုံကြည်ရကြောင်း အစ္စရေး စစ်တပ်က ဆိုပါတယ်။

ပါလက်စတိုင်း စစ်သွေးကြွတွေကလည်း မော်တာတွေ၊ ရော့ကက် ဒုံးကျည်တွေနဲ့ အစ္စရေးဘက်ကို ပြန်လည် ပစ်ခတ်နေပါတယ်။

အစ္စရေးနဲ့ ပါလက်စတိုင်း အကြား အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု တစ်ခု ရဖို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီ၊ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း အပါအဝင် နိုင်ငံတကာက ခေါင်းဆောင်အချို့ အီဂျစ်နိုင်ငံ ကိုင်ရိုမြို့မှာ ဆွေးနွေးနေကြဆဲ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ