ဟားမားစ် အစ္စရေး အရေး အဖြေပေါ်ဖို့ ဝေးနေ

  • 22 ဇူလိုင် 2014
gaza_israel ဓာတ်ပုံ မူပိုင် AP
Image caption အစ္စရေး တပ်တွေ ဂါဇာဘက် ဝင်

အစ္စရေး၊ ပါလက်စတိုင်း အပစ်အခတ် ရပ်စဲရေး နဲ့ ငြိမ်းချမ်းရေး ပြန်လည် ဆွေးနွေးနိုင်ဖို့ အတွက် အီဂျစ်နိုင်ငံ ကိုင်ရိုမြိုနဲ့ အစ္စရေး တဲလ်အဗိ မြို့တွေ မှာ ကုလသမဂ္ဂ၊ အမေရိကန် နဲ့ အစ္စရေး တို့ ဆွေးနွေးကြ ပါတယ်။

အီဂျစ်နိုင်ငံ က ချမှတ် ထားတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို လိုက်နာဖို့ အားလုံးက သဘောတူကြပေမယ့် ဟားမားစ် ဘက်ကတော့ ဒါကို ပယ်ချပါတယ်။

အဲဒီအတွက် အမေရိကန် နိုင်ငံခြားရေး ဂျွန်ကယ်ရီ က ဟားမားစ် အနေနဲ့ ဂါဇာနေ ပါလက်စတိုင်း အရပ်သားတွေ အတွက် ထည့်သွင်း စဉ်းစား မလား ဆိုတာ အလေးအနက် ထားရမယ့် အရေး လို့ ကိုင်ရို သတင်းစာ ရှင်းလင်းပွဲ မှာ ပြောပါတယ်။

ဟားမားစ် အနေနဲ့ အခြေခံကျတဲ့ နည်းလမ်း ကိုရွေးချယ်ဖို့ လိုသလို၊ ဒီနည်းလမ်း ဟာလည်း ဂါဇာနေ ပြည်သူတွေ အတွက် ခိုင်မာတဲ့ ရိုက်ခတ်မှု ရှိစေမှာ ဖြစ်တဲ့ အတွက် အီဂျစ်တွေ ဘက် က ချပြထားတဲ့ အကြံဉာဏ် ကို တခြား ပါလက်စတိုင်း အဖွဲ့တွေ နဲ့ လေးလေးနက်နက် ဆွေးနွေးပြီး အဖြေတခု ထွက်အောင် လုပ်သင့်တဲ့ အကြောင်း မစ္စတာ ကယ်ရီက ပြောတာပါ။

အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျာမင် နက်တန်ယာဟူ ကလည်း တဲလ်အဗစ် မြို့ ကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် လည်း ရောက်နေလို့၊ ပူးတွဲ ကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲ မှာ ဟားမားစ်တွေ လက်ခံနိုင်မယ့် သဘောတူညီချက် ရဖို့ က ခဲယဉ်းတဲ့ အကြောင်း၊ ဒါကြောင့် နိုင်ငံတကာ အနေနဲ့ ဝိုင်းဝန်းနားချဖို့ ဒါမှမဟုတ် ကမ်းလှမ်းချက် ပယ်ချနေတာ ကို တာဝန်ခံအောင် ဆွဲဆောင်ကြ ဖို့ တိုက်တွန်း လိုက်ပါတယ်။

ဟားမားစ်တွေ ဟာ အစ္စရေး ရှိနေတာကို မလိုလားတဲ့ သဘော ဖြစ်နေ လို့ တချို့က ပြောရာမှာ၊ သူတို့ ဘက်က လှုပ်ရှားမှု အကြီးအကျယ် လုပ်ပြီး အစ္စရေး တို့ ကို အပြတ်ချေမှုန်း လိုတဲ့ အကြမ်းဖက်မှု ကို လိုလားနေတဲ့ အကြောင်း၊ ဒါကြောင့်မို့ အစ္စရေး အနေနဲ့ ကိုယ်လူမျိုး၊ ကိုယ့်နိုင်ငံ ကာကွယ်ရေးက လွဲပြီး ရွေးစရာလမ်း မရှိတော့ဘူး လို့ ရှင်းပြပါတယ်။

ကုလ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း ကတော့ သူ့ အနေနဲ့ နှစ်ဖက်စလုံး၊ အပစ်ရပ်ပြီး ဆွေးနွေးကြဖို့ တိုက်တွန်းလိုက်ပါတယ်။ ကုလသမဂ္ဂ ရဲ့ ရပ်တည်ချက် ကို ရှင်းရာမှာ၊ ရော့ကက်ဒုံးကျည်တွေ နဲ့ ပစ်ခတ် နေတာတွေ ကို အပြင်းအထန် ရှုံ့ချတဲ့ အကြောင်း၊ နောက်ပြီး စာသင်ကျောင်းတွေ၊ ဆေးရုံတွေ နဲ့ အရပ်သား နေအိမ် အဆောက် အအုံတွေ ကို စစ်ရေး အရ အကာအကွယ် ယူ အသုံးချနေတာကို လည်း ရှုံ့ချပုံ၊ ဘယ်နိုင်ငံ အဆို သူ့ပိုင်နက် အတွင်း ဗုံးမိုးရွာသလို လုပ်နေရင် အရပ်သားတွေ ကို ကာကွယ်ရမယ့် ဝတ္တရား ရှိကြတယ် လို့ ပြောတာပါ။

အခု လောလောဆယ် အနေအထားအရ တော့ ခရီးသည်တင် ပြည်ပ လေကြောင်းလိုင်းတွေက အစ္စရေး တဲလ်အဗိ မြို့က ဘင်ဂူရီယန် နိုင်ငံတကာ လေဆိပ် ခရီးစဉ်တွေ ကို ယာယီ ဖျက်သိမ်းထားပါပြီ။

ပါလက်စတိုင်းတို့ရဲ့ ဒုံးလက်နက် ပစ်ခတ် နေတာတွေကို ရှောင်ရှားနိုင်ဖို့ ဖြစ်တဲ့ အကြောင်း သိရပါတယ်။