ဂါဇာမှာ သေဆုံးသူ ပါလက်စတိုင်း ၈၀၀ ကျော်လာ

  • 25 ဇူလိုင် 2014
ဓာတ်ပုံ မူပိုင် AP
Image caption ကြာသပတေးနေ့က စာသင်ကျောင်းကို ထိမှန်လို့ ၁၃ ဦး သေပြီး အများအပြား ဒဏ်ရာရခဲ့

အစ္စရေး ဘက်ကို ဟားမားစ်တို့က ရော့ကက် ဒုံးကျည်တွေနဲ့ ဆက်လက် ပစ်ခတ်နေစဉ်မှာ အစ္စရေး စစ်တပ် ဘက်ကလည်း ဂါဇာကို ၁၈ ရက်နေ့မြောက် ထိုးစစ်တွေ ဆက်လက် ပြုလုပ်နေပါတယ်။

အစ္စရေး ထိုးစစ်ကြောင့် အခု နောက်ဆုံး သေဆုံးသူတွေထဲမှာ Islamic Jihad စစ်သွေးကြွ အဖွဲ့ရဲ့ ထိပ်တန်း ခေါင်းဆောင် တစ်ယောက်လည်း ပါဝင်တယ်လို့ ဂါဇာ အရာရှိတွေက ပြောပါတယ်။

အခုချိန်အထိ ပါလက်စတိုင်းဘက်က ၈၀၀ ကျော် သေဆုံးခဲ့ရာမှာ အများစုက အရပ်သားတွေ ဖြစ်ပြီး၊ အစ္စရေး ဘက်ကတော့ စစ်သား ၃၂ ဦးနဲ့ အရပ်သား ၃ ဦး သေဆုံးခဲ့ကြပြီး ဖြစ်ပါတယ်။

ကြာသပတေးနေ့က စာသင်ကျောင်း တစ်ကျောင်းကို ဗုံးဆံ ထိမှန်ခဲ့လို့ လူ ၁၃ ယောက် သေဆုံးခဲ့ရပြီးနောက် အစ္စရေး သာမက တိုက်ခိုက်မှုတွေမှာ ပါဝင် ပတ်သက်သူ မှန်သမျှ ကုလသမဂ္ဂရဲ့ ကြားနေမှုကို လေးစားဖို့နဲ့ ကုလ သမဂ္ဂ အဆောက်အဦးတွေကို ထိခိုက်အောင် မလုပ်ဖို့ ဂါဇာက ကယ်ဆယ်ရေး အေဂျင်စီ အရာရှိ Bob Turner က တိုက်တွန်းလိုက်ပါတယ်။

ဂါဇာနေ လူဦးရေရဲ့ ၈ ရာခိုင်နှုန်း ဖြစ်တဲ့ လူ တစ်သိန်းခွဲလောက်ဟာ ကုလသမဂ္ဂရဲ့ စာသင်ကျောင်းတွေမှာ ခိုလှုံနေကြတာ ဖြစ်တယ်လို့ သူက ဘီဘီစီကို ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ