အစ္စရေး ဟားမားစ် ၇ ရက် အပစ်ရပ်ရေး ကြိုးပမ်း

  • 25 ဇူလိုင် 2014
sp_ban_ki_moon_un ဓာတ်ပုံ မူပိုင် AFP
Image caption ကိုင်ရို ဆွေးနွေးပွဲ တက်ရောက်တဲ့ ဘန်ကီမွန်း

ကုလသမဂ္ဂ နဲ့ အမေရိကန် အစိုးရ ဟာ အစ္စရေး နဲ့ ပါလက်စတိုင်း ဟားမားစ် တို့ အကြား ပထမ အဆင့် အနေနဲ့ တပတ်ကြာ အပစ်အခတ် ရပ်ဆဲရေး သဘောတူညီချက် ရအောင် ကြိုးစားပေးနေပေမယ့် ထင်သာ မြင်သာ တဲ့ အဖြေ ထွက်မလာ သေးပါဘူး။

ဒါပေမယ့် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီ က လက်မလျှော့သေးပါဘူး။ ဒီ အပစ်ရပ် တပတ် ကို ရှေ့တပတ် က စတင် ဖို့ နှစ်ဘက်စလုံး ကို ကမ်းလှမ်းတာပါ။ သူ့ဘက် က အဖြေ တခုခုတော် ထွက်လာမယ် ဆိုတာ ကို သေချာတဲ့ အကြောင်း၊ ကိုင်ရို အစည်းအဝေး အပြီးမှာ ပြောတာပါ။

သူတို့ ချပြတဲ့ အခြေခံကျတဲ့ အစီအစဉ် အလုပ်ဖြစ်မယ် ဆိုတာ ကို စိတ်ချ ယုံကြည် တဲ့ အကြောင်း၊ အခု ဆက်လက်လုပ်ကိုင် ဖို့ က၊ ဒီ အစီအစဉ် အတိုင်း အကောင်အထည်ဖေါ် နိုင်အောင် ဖြစ်သလို၊ ဒီ ၇ ရက် အတွင်းမှာ နှစ်ဖက်စလုံး အနေနဲ့ အကြမ်းဖက် တိုက်ခိုက်မှု တွေ က၊ နောက် ခြေတလှမ်း ဆုတ် လိုက်ယင်း၊ အခြေခံ လိုအပ်ချက် တွေ ဘက် အာရုံစိုက်ဖြစ် ကြမယ် ဆိုတာ ကို ယုံကြည် ကြောင်း၊ မစ္စတာ ကယ်ရီ က ပြောတာပါ။

သူတို့ဘက် က မျှော်လင့်တာက လည်း၊ လာမယ့် သီတင်းပတ်မှာ အစ္စလာမ် ဘာသာဝင်တွေ ရဲ့ ဥပုဒ်ထွက် အစ်ပွဲတော် ရှိသလို၊ ဂါဇာ မှာ အရေးပေါ် လိုအပ်နေတဲ့ စားနပ်ရိက္ခာ၊ ဆေးဝါး စတာတွေ ဖြည့်တင်းပေး နိုင်ဖို့ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၁ဂ ရက် အတွင်းမှာ နှစ်ဖက် အပြန်အလှန် ပစ်ကြခတ်ကြ လုပ်ကြလို့ ပါလက်စတိုင်း ဘက်မှာ လူပေါင်း၈ဝဝ ကျော် သေဆုံးပြီး ဖြစ်သလို၊ အစ္စရေး ဘက်မှာ လည်း ၃၆ ယောက်သေဆုံးခဲ့ ရပါတယ်။ ဒါကြောင့်မို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း ကလည်း နှစ်ဖက် စပြီး စကားပြောကြ ပါတော့။ အခု လို ကြေကွဲဘွယ်ရာ အဖြစ်ဆိုး ရပ်အောင်၊ စစ်ရေးအရ ဘယ်လိုမှ မဖြေရှင်းနိုင်ပါဘူး။ နှစ်ဘက် တွေ့ဆုံဆွေးနွေးလို့ ရနိုင်မယ့် နည်းလမ်း ကို ရှာမှ ဖြစ်တော့မယ် လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဂါဇာ အငြင်းပွား တိုက်ခိုက်မှု နှစ်ခု တုန်း က၊ ဖြေရှင်းပေးခဲ့တဲ့ ငြိမ်းချမ်းရေး လမ်းစဉ် နဲ့ လည်း မတူနိုင် တော့ ပါဘူး။ ဒီလိုမှ အဖြေမရှာနိုင်ရင် နောက်တကြိမ် အငြင်းပွား တိုက်ခိုက်မှာ ကို ထိုင်စောင့် ရမလို ဖြစ်နေပါပြီ။ ၄၇ နှစ်ကြာတဲ့ အထိ ဂါဇာ ကို ပိတ်ဆို့ သိမ်းပိုက်ထားမှု ကို အဆုံးသတ်ချိန် တန်နေပြီ လို ဘန်ကီမွန်း က ဆက်ပြီး ပြောပါတယ်။

ခက်တာက အစ္စရေး ကလည်း ၇ ရက်အပစ်ရပ်တဲ့ အချိန် အတွင်းမှာ သူ့တပ်တွေ ကို နောက်ဆုတ်မပေးဘဲ၊ သူတို့ဘက် ဖေါက်ထားတဲ့ မြေအောက် လှိုဏ်ခေါင်းတွေ ကို ဖျက်ဆီး ပစ်ချင်သလို၊ ပါလက်စတိုင်းဟားမားစ် ဘက် ကလည်း ဂါဇာ ကို ပိတ်ဆို့ ထားမှု ကို ဖွင့်ပေးပါ့မယ့် ဆိုတဲ့ အာမခံချက်လိုချင်တာပါ။

မစ္စတာ ကယ်ရီ ကတော့ ပြင်သစ်နိုင်ငံ ပဲရစ် မြို့ဆီ ထွက်ခွာသွားပါပြီ၊၊ ဥရောပ ခေါင်းဆောင်တွေ နဲ့ ဒီနေ့ ဆက်လက်ဆွေးနွေးဦးမယ့် အစီအစဉ် ရှိပါတယ်။