ဂါဇာ အပျက်အစီး နဲ့နှစ်ဘက် အပစ်ရပ်အခြေအနေ

  • 26 ဇူလိုင် 2014
palestinian_boy ဓာတ်ပုံ မူပိုင် AP
Image caption ဂါဇာ အပျက်အစီး

အစ္စရေး နဲ့ ပါလက်စတိုင်း တို့ အကြား အပစ်အခတ် ခေတ္တ ရပ်ဆဲကြတဲ့ ၂၄ နာရီ အတွင်းမှာ အစ္စရေး ရော ပါလက်စတိုင်း ပါ အပျက်အစီး ပြင်ဆင်စရာ၊ လိုအပ်တာကို စျေးဝယ်ထွက်၊ လူပျောက်ရှာ၊ အလောင်း ကောက် စသဖြင့် အလုပ်ရှုတ် သွားကြ ပါတယ်။

ဟားမားစ်ပြောခွင့်ရ ပုဂ္ဂိုလ် ဖေါ်ဇီ ဘာရ်ဟုမ်း ကဆိုရင် ရသလောက် အချိန် အတောအတွင်းမှာ သူတို့ အားလုံးဟာ အိမ် အပျက်အစီးတွေ ပြင်၊ ရေပိုက်တွေ လျှပ်စစ်ကြိုးတွေ ပြတ်ကုန် တာတွေ ပြန်လဲ၊ အုတ်ပုံတွေ ကြား က ဒဏ်ရာရ သူရော၊ သေသူ ရုပ်အလောင်း ပါ ဆွဲထုတ်ရ နဲ့ အားလုံး အလုပ်ရှုတ် ကြတဲ့ အကြောင်း၊ အစ္စရေး တွေ ကျူးလွန်တဲ ပြစ်မှု ဟာ ဂါဇာ မှာ လုံးဝ မြင်မကောင်း၊ ရှု မကောင်းပါဘူး လို့ ပြောသွားတာပါ။

ဒီအချက် ကို ကုလသမဂ္ဂ ကယ်ဆယ်ရေး အဖွဲ့ က ပြောခွင့်ရ ခရစ်စ်ဂန်းနစ္စ ကလည်း၊ ဒီတိုက်ပွဲတွေ မဖြစ်ခင် ကတည်း က၊ ဂါဇာ ကို ပိတ်ဆို့ထားတဲ့ အတွက် သောက်သုံးရေ ၉၅ ရာခိုင်နှုန်း ဟာ သောက်ရေ အဖြစ် လုံးဝ မသင့်တော် တဲ့ အခြေအနေ မှာ၊ ရေဘုံဘိုင် ကို ဖွင့်လိုက်တာနဲ့ ပင်လယ်ရေငံ တွေ ထွက်လာတဲ့ အကြောင်း၊ အဲဒီအတွက်၊ သူတို့ အနေနဲ့ ရေစည်ကားကြီးတွေ နဲ့ ရေတွေ ဝေငှ ပေးရ သလို၊ အစားအသောက် ဆိုလည်း၊ လူပေါင်း သိန်းဂဏန်း ကို ဝေငှ နေရတာ တွေ ပြောပြ ပါတယ်။ ဒီ ကြားထဲ မှာ စောင်၊ မွေ့ယာ၊ စသဖြင့် ပေးမလောက် တဲ့ အထဲမှာ၊ အခုကျတော့ အခြေအနေ ပိုဆိုးလာလို့၊ လုံးဝ အပစ်ရပ် ကြဖို့ လိုနေပါပြီ လို့ ပြောတာပါ။

အစ္စရေး ဘက်မှာလည်း ဟားမားစ် ဒုံးလက်နက်ကြောင့်၊ လျှပ်စစ် ဓါတ်အားလိုင်းတွေ၊ ရေပိုက်တွေ ထိမှန် ပြီး ပျက်ကုန် လို့ ပြင်ဆင်ရတဲ့ အပိုင်းရှိပါတယ်။

အသေအပျောက် နောက်ဆုံး စရင်း အရ လည်း၊ ပါလက်စတိုင်းဘက်မှာ လူတထောင် ကျော်သွားပြီ ဖြစ်သလို အစ္စရေး ဘက်မှာ လည်း စစ်သား အများစု ၄၀ ကျော်နေပါပြီ။ မနေ့ က ၂၄ နာရီ အပစ်ရပ်၊ အချိန်စေ့ တာနဲ့ ပါလက်စတိုင်း က ဒုံးကျည်တွေ နဲ့ ပစ်ခတ်ပါတော့ တယ်။ အစ္စရေး ဘက် ကတော့ အပစ်အခတ် ရပ်မှု ကို အချိန်တိုးချင်ပါတယ်။ အကြောင်း ကတော့ အစ္စရေး ဘက် ဖေါက်ထားတဲ့ လှိုဏ်ခေါင်းတွေ ကို ရှာဖွေ ဖျက်ဆီး ချင်လို့ ဖြစ်ပါတယ်။