ဂါဇာမှာ ၂ ဘက် ပြန်လည် တိုက်ခိုက်

  • 28 ဇူလိုင် 2014
gaza_304x171_getty ဓာတ်ပုံ မူပိုင် getty
Image caption ဂါဇာ အခြေအနေ

အစ္စရေးနဲ့ ပါလက်စတိုင်း ဟားမတ်စ် အဖွဲ့တွေ ၂ ဘက် စလုံး၊ ဆက်လက် တိုက်ခိုက်မှု တွေ ပြုလုပ် နေကြပြီး၊ ယာယီ အပစ်ရပ် သဘောတူမှု ကို တခြား တစ်ဘက်က စတင် ဖောက်ဖျက်တဲ့ အကြောင်း၊ အပြန်အလှန် စွပ်စွဲ နေကြပါ တယ်။

အ္စရေး ရဲ့ ဗုံးဆန်တချို့ ဂါဇာထဲ ကို ကျရောက် နေသလို၊ အစ္စရေးဘက်ကို လည်း ဟားမတ်စ် အဖွဲ့က၊ ဒုံးကျည်တွေ နဲ့ ပစ်ခတ် နေကြပါ တယ်။

တစ်ဘက်က မပစ်ခတ်တော့ဘူးဆိုရင် သူတို့လည်း အပစ်ရပ်ပေးမယ် ဆိုတဲ့ သဘောတူမှု၊ အဲဒီ့ ၂ ဘက်ကြား ရလာနေတဲ့ အရိပ်အယောင် အဖြစ်၊ အပစ်အခတ်တွေ လျော့နည်းလာတာ တွေ့ရတယ် ဆိုတဲ့ အတည် မပြုနိုင်တဲ့ သတင်းတွေ လည်း ထွက်ပေါ်နေပါ တယ်။

အမေရိကန် သမ္မတ အိုဘားမားကတော့၊ အစ္စရေး ဝန်ကြီးချူပ် နာတန်ယာဟု ဆီ ဖုန်းနဲ့ ဆက်သွယ် ပြီး၊ ဒုက္ခရောက်နေသူတွေ အတွက်၊ ချက်ခြင်း ခြွင်းချက်မရှိ အပစ်ရပ်ကြဖို့ လိုတယ် ဆိုပြီး ပြောခဲ့ပါတယ်။

မစ္စတာနာတန်ယာဟုက သူတွေ့ဆုံခဲ့တဲ့၊ NBC ရုပ်မြင်သံကြားက သတင်းသမားကို၊ ဟားမတ်စ် အဖွဲ့က မယုံကြည်ရဘူး လို့ ပြောခဲ့ပါတယ်။

ဒီ အချိန်မှာပဲ၊ အစ္စရေး စစ်တပ်က တော့၊ ပြီးခဲ့တဲ့ ကြာသပတေးက၊ ဂါဇာမှာ ရှိတဲ့ ကုလသမဂ္ဂ အဆောက်အဦ နေရာကို သူတို့ မော်တာနဲ့ ပစ်ခတ်ခဲ့တယ် လို့ ၀န်ခံခဲ့ပါတယ်။

အဲဒီ့ ပစ်ခတ်မှုကြောင့် လူ၁၃ ဦး သေဆုံး ခဲ့ရပြီး၊ အများအပြား ဒဏ်ရာ ရရှိခဲ့ပါတယ်။

ဒါပေမယ့်၊ ဒီလို ပစ်ခတ်မှု ဟာ မတော်တဆ မှားယွင်းမှု ဖြစ်ပြီး၊ သူတို့ ရရှိထားတဲ့ ဝေဟင် ထောက်လှမ်းရေး တွေ့ရှိချက်တွေ အရ၊ မော်တာကျည် ကျရောက်ခဲ့တဲ့ ဝင်းအတွင်း လူတစ်ယောက်မှ ရှိနေတာ မတွေ့ရတဲ့ အတွက်၊ သေဆုံးမှုတွေ မဖြစ်ပေါ်နိုင် ကြောင်း ဆက်လက် ပြောဆိုခဲ့ပါ တယ်။

၁၃ ဦး သေဆုံးသွားတယ် ဆိုတဲ့ သတင်းနဲ့ ပတ်သက် လို့၊ အဲဒီ့ သေဆုံးသွားတယ် ဆိုတဲ့ လူတွေဟာ၊ တခြားနေရာမှာ သေဆုံး ပြီး၊ နောက်မှ အဲဒီ့ အဆောက်အဦ ရှိရာကို ရွှေ့ယူလာတာ ဖြစ်နိုင်ကြောင်း၊ အစ္စရေး စစ်ဘက်က ပြောခွင့်ရသူ က ပြောဆိုခဲ့ ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ