Microsoft ကုမ္ပဏီ တရုတ်မှာ စစ်ဆေးခံနေရ

  • 29 ဇူလိုင် 2014
ဓာတ်ပုံ မူပိုင် Reuters
Image caption ဝင်းဒိုး 8 ကို အသုံးမပြုဖို့ တရုတ် အစိုးရ တားမြစ်ခဲ့

တရုတ်နိုင်ငံမှာ ပြည်ပ ကုမ္ပဏီကြီးတွေ အပေါ် အယုံအကြည် ကင်းမဲ့မှုကို ဖော်ပြတဲ့ လုပ်ဆောင်မှုတွေထဲမှာ အခုနောက်ဆုံး အနေနဲ့ Microsoft ကုမ္ပဏီရဲ့ လက်ဝါးကြီးအုပ်မှုကို ဆန့်ကျင်တဲ့ စုံစမ်း စစ်ဆေးမှု တစ်ရပ်ကို တရုတ် အာဏာပိုင်တွေက စတင်လိုက်ပါတယ်။

ကုန်သွယ်ရေးနဲ့ စက်ရုံ အလုပ်ရုံ ဆိုင်ရာ နိုင်ငံတော် စီမံခန့်ခွဲရေး အဖွဲ့က ပြောရာမှာ Microsoft ကုမ္ပဏီဟာ သူတို့ ထုတ်လုပ်တဲ့ ဝင်းဒိုးစနစ်တွေ၊ Office ဆော့ဖ်ဝဲတွေနဲ့ ပတ်သက်ပြီး သတင်း အချက်အလက် အပြည့်အဝ ထုတ်ပြန်တာ မရှိဘူးလို့ ပြောပါတယ်။

တရုတ် စုံစမ်း စစ်ဆေးရေးမှူးတွေဟာ အခုရက်ပိုင်းမှာ Microsoft ကုမ္ပဏီ ထဲကို ဝင်ထွက်နေကြပါတယ်။

အခုနှစ် စောစောပိုင်းကလည်း Microsoft ရဲ့ နောက်ဆုံးထုတ် ဝင်းဒိုးစနစ် ဖြစ်တဲ့ Windows 8 ကို အစိုးရ ဌာနတွေမှာ အသုံးမပြုဖို့ တရုတ်က တားမြစ်ခဲ့ပါတယ်။

တရုတ် စုံစမ်း စစ်ဆေးရေးမှူးတွေဟာ ကွန်ပျူတာ ချစ်ပ်တွေ ထုတ်လုပ်တဲ့ Qualcomm ကုမ္ပဏီကိုလည်း စုံစမ်း စစ်ဆေးနေကြပြီး၊ အစောပိုင်းကတော့ တခြား နည်းပညာ ကုမ္ပဏီ ဖြစ်တဲ့ Interdigital ကုမ္ပဏီကိုလည်း စုံစမ်း စစ်ဆေးခဲ့ကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ