ဆက်လက် တိုက်ခိုက်မယ်လို့ ဟားမတ်စ်ပြော

  • 30 ဇူလိုင် 2014
gaza_304x171 ဓာတ်ပုံ မူပိုင် na
Image caption ဂါဇာရဲ့ အခြေအနေ

ပါလက်စတိုင်း ဟားမတ်စ် အဖွဲ့ရဲ့ လက်နက်ကိုင် တပ်စွယ် ဖြစ်တဲ့ al-Qassam တပ်ရဲ့ ခေါင်းဆောင် က၊ သူတို့ အနေနဲ့ အစ္စရေးနဲ့ အပစ်ရပ်စဲဖို့ သဘောတူမှာ မဟုတ်ဘူးလို့ ပြောလိုက်ပါတယ်။

အစ္စရေး ဘက်က ဗုံးကြဲနေတာ တွေ ရပ်ဆိုင်းပြီး၊ ဂါဇာ ကမ်းမြှောင် ပိတ်ဆို့မှု ကို ရုတ်သိမ်းတဲ့ အထိ ဆက်လက် တိုက်ခိုက်သွားမယ် လို့ ဆိုပါတယ်။

အခု ဂါဇာ စစ် စတင်တာ ၃ ပတ် ကြာမြင့်ခဲ့ အပြီး၊ တစ်ရက်တည်းမှာ တင် ပါလက်စတိုင်း ၁၀၀ ကျော် သေဆုံးရတဲ့၊ အထိအခိုက် အများဆုံးရက်မှာ၊ ဒီလို ထုတ်ပြန်ချက် ပေါ်ထွက်လာ တာ ဖြစ်ပါတယ်။

အစ္စရေးတို့ရဲ့ ဗုံးဒဏ်ကြောင့်၊ ဂါဇာရဲ့ နေရာ အတော်များများ ပျက်စီးသွားခဲ့ပြီ ဖြစ်ပါတယ်။

ဂါဇာမှာ ပါလက်စတိုင်း ဒုက္ခသည် ၂ သိန်းကျော် ကို ထောက်ပံ့ပေးထား တဲ့ ကုလသမဂ္ဂ ကလည်း၊ သူတို့မှာ ထောက်ပံ့ရေး ပစ္စည်းတွေ ကုန်လု နီးပါး ဖြစ်နေပြီလို့ ပြောပါတယ်။

ဂါဇာမှာ ရှိတဲ့ လျှပ်စစ် စက်ရုံလည်း ထိခိုက် ပျက်စီးခဲ့ရတာ ဖြစ်တဲ့အတွက်၊ အခု စစ်ပွဲရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေကို၊ ဂါဇာက လူတွေ ရေရှည် ဆက်လက် ခံစားရနိုင်တယ် ဆိုတဲ့ စိုးရိမ်မှုတွေ မြင့်တက် လာနေပါတယ်။

လာမယ့် ရက် အနည်းငယ် အတွင်း ဂါဇာမှာ လျှပ်စစ် လုံးဝ ပြတ်တောက် သွားတော့မယ် လို့ ခန့်မှန်း ရပါတယ်။

ဒီလိုဆိုရင် ဆေးရုံ ဆေးခန်းတွေက အရေးပေါ် ဌာနတွေ၊ ခွဲစိတ်ခန်းတွေ ဘာမှ အသုံးပြုလို့ ရနိုင်တော့မှာ မဟုတ်ဘူး လို့ ဂါဇာက ကျန်းမာရေး ဒုဝန်ကြီး ယူစွပ်ဖ် အဘူ အယ်လ် ရစ်ချ် က ဆိုပါတယ်။

ဒါပေမယ့်၊ အစ္စရေးဘက်ကလည်း ရေရှည်စစ် ဆင်နွှဲမယ် ဆိုပြီး သတိပေးထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ