အမေရိကန်နဲ့ အီးယူ ရုရှအပေါ် ပိတ်ဆို့မှုမြှင့်

  • 29 ဇူလိုင် 2014
putin_sanction_russia_ukraine
ရုရှ အပေါ် အနောက်အုပ်စု ပိတ်ဆို့မှု တိုးမြှင့်

ယူကရိန်း ပြဿနာ မှာ ပါဝင် ပတ်သက်မှု ရှိနေတဲ့ ရုရှ အစိုးရ အပေါ်မှာ အီးယူ ဥရောပ သမဂ္ဂ ဘက် က စီးပွားရေး ပိတ်ဆို့မှု ကို မနေ့ကဘဲ တိုးမြှင့် လိုက်သလို၊ တရက်ထဲမှာပဲ အမေရိကန် ဘက် ကလည်း၊ ထိရောက် ပြင်းထန် တဲ့ စီးပွားရေး ပိတ်ဆို့မှု ကို သမ္မတ အိုဘားမား က ကြေညာလိုက်ပါတယ်။

အမေရိကန် အစိုးရ ဟာ ရုရှ ရဲ့ လောင်စာစွမ်းအင် ထုတ်လုပ်ရေး နဲ့ ပတ်သက်တဲ့ ပစ္စည်း ကိရိယာတွေ၊ နည်းပညာရပ်တွေ၊ တင်ပို့ မှု ကို ပိတ်ဆို့ လိုက်တဲ့ အပြင်၊ စီးပွားရေး ပိတ်ဆို့မှု ကို ကျယ်ကျယ်ပြန့်ပြန့်၊ အရေးယူတဲ့ နေရာမှာ ရုရှ ဘဏ် လုပ်ငန်းတွေ နဲ့ ကာကွယ်ရေး ပစ္စည်း ထုတ်လုပ်တဲ့ ကုမ္ပဏီ တွေ ပါ အကျုံး ဝင် ပါတယ် လို့ သမ္မတ အိုဘားမား က ပြောတာပါ။

ဒါပေမယ့် အခုလို အရေးယူမှု တိုးချဲ့ခြင်းဟာ စစ်အေး တိုက်ပွဲ အသစ်ဆင်နွှဲနေတာ မဟုတ်ဘူး လို့ လည်း မစ္စတာ အိုဘားမား က သတင်းထောက်တွေ ကို ရှင်းပြပါတယ်။ ရုရှ ရဲ့ ပြဿနာ က ယူကရိန်း အစိုးရ ဟာ သူ့လမ်းသူလျှောက်၊ သူ့လမ်းသူထွင် တာကို အသိအမှတ်ပြုလိုတဲ့ ဆန္ဒ အလျှင်း မရှိရာက၊ ယူကရိန်း ခွဲထွက်ရေး သူပုန်တွေ ကို လက်နက်တပ်ဆင် ပေးနေတာ ဖြစ်ကြောင်း ပြောပါတယ်။

ဥရောပ သမဂ္ဂ ဆိုင်ရာ ဂျာမန် လွှတ်တော် အမတ် မားကတ်စ် ဖါဘာ ကလည်း၊ ဥရောပ ဘက်က ပိတ်ဆို့မှု တိုးမြှင်တဲ့ အပေါ်မှာ ရှင်းပြတာကတော့၊ သူတို့ ဘက် က ဖြစ်စေချင်တာက၊ ယူကရိန်းခွဲထွက်ရေး သူပုန် တွေ အပေါ်မှာ သမ္မတ ပူတင်နဲ့ ရုရှ အစိုးရ က သြဇာ အရှိန်အဝါ သုံးပြီး ထိန်းသိမ်းစေချင်တာပါ။ ဒီသူပုန်တွေ ဟာလည်း သင်ခန်းစာ ရလောက်ပါပြီ၊ တကယ်တော့ သူတို့ ဟာ ရရှ နိုင်ငံသားလည်း မဖြစ်နိုင်သလို၊ ရုရှ ရဲ့ တစိတ်တဒေသ လည်း မဖြစ်နိုင်ပါဘူး။ ဥရောပသမဂ္ဂ အပါအဝင် ယူကရိန်း ပြည်သူတွေ ဟာ တည်ငြိမ်တဲ့ ဒီမိုကရေစီ နိုင်ငံ ထူထောင်လိုတာဘဲ ဖြစ်တဲ့ အကြောင်း ရှင်းပြပါတယ်။