အီဘိုလာ ရောဂါ ဗြိတိန်ကို ခြိမ်းခြောက်နေဟု ဆို

  • 30 ဇူလိုင် 2014
ဓာတ်ပုံ မူပိုင် Reuters
Image caption ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ကတည်းက ခုချိန်ထိ သေဆုံးသူ ၆၇၀ ကျော်ပြီ

အာဖရိက အနောက်ပိုင်း ဒေသမှာ ပျံ့နှံ့ ဖြစ်ပွားနေတဲ့ အီဘိုလာ Ebola ရောဂါဟာ ဗြိတိန် နိုင်ငံအတွက်လည်း ဆိုးဝါးတဲ့ အန္တရာယ်အဖြစ် ခြိမ်းခြောက် နေတယ်လို့ ဗြိတိန် အစိုးရက ယူဆကြောင်း ဗြိတိသျှ နိုင်ငံခြားရေး ဝန်ကြီး Philip Hammond က ပြောပါတယ်။

ဒီ အရေးကိစ္စနဲ့ ပတ်သက်ပြီး ဗြိတိန် အစိုးရရဲ့ အရေးပေါ် ကော်မီတီနဲ့ ဆွေးနွေး ပြောဆိုခဲ့တယ်လို့ မစ္စတာ Hammond က ပြောပါတယ်။

ဥရောပ သမဂ္ဂကလည်း အီဘိုလာ ရောဂါ တိုက်ဖျက်ရေးမှာ ကူညီဖို့ ဒေါ်လာ ၂ ဒဿမ ၇ သန်း အပို ထပ်ပေးဖို့ကိုလည်း ခွဲဝေ သတ်မှတ်ထားပါတယ်။

ဟောင်ကောင်မှာလည်း အီဘိုလာ ရောဂါ ရှိနိုင်သူတွေ အတွက် သီးသန့် ကုသဆောင်တွေ ထားထားပြီး ဒီရောဂါ မပျံ့ပွားအောင် ဘယ်လို ဆောင်ရွက်ရမလဲ ဆိုတာ လူထုကို အကြံပေးချက် ထုတ်ပြန်ထားပါတယ်။

အီဘိုလာ ရောဂါ ပြန်လည် ကူးစက် ဖြစ်ပွားခဲ့တဲ့ ဖေဖော်ဝါရီ လကတည်းက စလို့ ဆီယာရာ လီယွန်း၊ လိုင်ဘေးရီးယား၊ ဂီနီနဲ့ နိုင်ဂျီးရီးယား နိုင်ငံတွေမှာ ဒီရောဂါကြောင့် သေဆုံးသူပေါင်း ၆၇၀ ကျော် ရှိသွားပြီ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ