စာသင်ကျောင်း အပစ်ခံရမှု အစ္စရေးကို ကုလ စွပ်စွဲ

  • 30 ဇူလိုင် 2014
ဓာတ်ပုံ မူပိုင် epa
Image caption စာသင်ကျောင်းကို ထိမှန်လို့ ၁၅ ဦး သေဆုံး

ဂါဇာဒေသမှာ ရှိတဲ့ ကုလသမဂ္ဂ စာသင်ကျောင်းတွေမှာ ပါလက်စတိုင်း အရပ်သားတွေ လာရောက် ခိုလှုံနေတယ် ဆိုတာကို အကြိမ်ကြိမ် သတိပေးထားတဲ့ ကြားက ကုလသမဂ္ဂ စာသင်ကျောင်း တခုကို အစ္စရေးတို့က တိုက်ခိုက်ခဲ့တယ်လို့ ကုလသမဂ္ဂ က စွပ်စွဲ ပြောဆိုလိုက်ပါတယ်။

အဲဒီ စာသင်ကျောင်း အဆောက်အအုံကို အမြောက်ကျည် ထိမှန်ခဲ့တဲ့အတွက် အနည်းဆုံး လူ ၁၅ ဦး သေဆုံးခဲ့ပြီး အတော်များများ ဒဏ်ရာ ရသွားပါတယ်။

မနေ့ညက ကုလသမဂ္ဂက စီစဉ်ပေးထားတဲ့ စာသင်ကျောင်း ဒုက္ခသည် စခန်းမှာ မိဘတွေနဲ့ အတူ အိပ်စက်နေတဲ့ ကလေးငယ်တွေ သေဆုံးခဲ့ကြောင်း၊ ဒီတိုက်ခိုက်မှုဟာ အရှက်မဲ့ လုပ်ရပ်တခု ဖြစ်တယ်ကြောင်း ဂါဇာမှာ ရှိတဲ့ ကုလသမဂ္ဂ ကယ်ဆယ်ရေး အေဂျင်စီ ပြောခွင့်ရ ပုဂ္ဂိုလ် Chris Gunness က ပြောသွားပါတယ်။

အစ္စရေးတို့ ဘက်ကတော့ အဲဒီ စာသင်ကျောင်း အနီးတဝိုက်ကနေ ပါလက်စတိုင်း လက်နက်ကိုင်တွေက မော်တာ အမြောက်ကျည်တွေ ပစ်လွှတ်ခဲ့တဲ့အတွက် အစ္စရေး တပ်ဖွဲ့ဝင်တွေက တုန့်ပြန် ပစ်ခတ်ခဲ့တာလို့ ပြောပါတယ်။

ဂါဇာ ဒေသမှာ ၄ နာရီကြာ အပစ်ရပ်ထားဖို့ အစ္စရေး စစ်တပ်က ကြေညာထားပေမယ့် အစ္စရေး တပ်ဖွဲ့ဝင်တွေ လောလောဆယ် တိုက်ခိုက်နေတဲ့ နေရာတွေမှာတော့ အပစ်ရပ်စဲမှု မရှိဘူးလို့ သိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ