ဂါဇာမှ ကုလသမဂ္ဂကျောင်း အပစ်ခံရလို့ ရှုံ့ချ

  • 30 ဇူလိုင် 2014
crianca_gaza ဓာတ်ပုံ မူပိုင် AFP
Image caption ဂါဇာမှ ကုလကျောင်း ပစ်ခံရမှု

ထောင်ဂဏန်းချီ တဲ့ ပါလက်စတိုင်း မိသားစုတွေ စစ်ဘေးဒဏ် ရှောင်ရအောင်၊ ကုလသမဂ္ဂ ဖွင့်ပေးထားတဲ့ ကျောင်းတွေ မှာ ခိုလှုံနေတဲ့ နေရာ ကို အစ္စရေး က တိုက်ခိုက် ခဲ့တဲ့ အတွက်၊ နောက်ထပ် ကလေးတွေ အပါအဝင် အရပ်သားတွေ သေဆုံး ဒဏ်ရာ ရကြ ပါတယ်။

အဲဒီအတွက်၊ ကော့စတာရီကာ နိုင်ငံ ရောက်နေတဲ့ ကုလ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း က ပြင်းပြင်းထန်ထန် ပြစ်တင် ရှုံ့ချလိုက်ပါတယ်။ ဒီတိုက်ခိုက်မှု ကို အပြင်းထန်ဆုံး စကားလုံး တွေ နဲ့ ပြစ်တင် ရှုံ့ချလိုက်ရာမှာ ဒါဟာ အင်မတန် ဒေါသထွက်စရာ ကောင်းလို့ ဘယ်လိုနည်းနဲ့ မှ တရားသဖြင့် တိုက်ခိုက်တာ လို့ မပြောနိုင် သလို၊ တရားစီရင်မှု ပြုဖို့ တောင်းဆိုရမယ့် အကြောင်း၊ ဒီနေရာတွေ ဟာ ကုလသမဂ္ဂ ရဲ့ အဆောက်အအုံ တွေ ဖြစ်တာ ကြောင့်၊ ကလေးတွေ၊ အမျိုးသမီးတွေ၊ မိသားစုတွေ ရဲ့ အသက်အန္တရာယ် လုံခြုံရေး ကို ကာကွယ်ရမယ့် ဝတ္တရား ဟာ အစ္စရေး မှာ ရော တခြား အဖွဲ့တွေ မှာပါ တာဝန် ရှိတယ် ဆိုတာ ကို ထပ်လောင်း ပြောပါတယ် လို့ ဆိုသွား တာပါ။

ဘန်ကီမွန်း ပြောသလို ကုလပိုင် အဆောက်အအုံတွေ မှာ စစ်ရှောင် ဒုက္ခသည်ပေါင်း ၁သိန်းခွဲ ခန့် ကို ခိုလှုံခွင့် ပေးထားတာပါ။

အမေရိကန် နိုင်ငံခြားရေး ဌာန မှ ပြောခွင့်ရ အမျိုးသမီး မာရီ ဟာဖ့် ကလည်း၊ ဂါဇာမှာ ရှိတဲ့ ကုလသမဂ္ဂ ကျောင်း ကို ပစ်ခတ်တဲ့ အတွက် အပြစ်မရှိတဲ့ ပါလက်စတိုင်း ပြည်သူတွေ ၊ ကလေးတွေ ရော၊ ကုလသမဂ္ဂ ဝန်ထမ်းတွေ ပါ သေဆုံးဒဏ်ရာ ရတာ နဲ့ ပတ်သက်ပြီး ပြစ်တင် ရှုံ့ချပါတယ်။ ဒါ့အပြင်၊ ကုလ ပိုင် အဆောက်အအုံ တွေ မှာ လက်နက်တွေ ဖွက်တဲ့ သူတွေ ကို လည်း ရှုံ့ချတဲ့ အကြောင်း ပြောပါတယ်။

ဒါပေမဲ့ ဒီပစ်ခတ်မှုတွေ အပေါ် တာဝန်ရှိတဲ့ အစ္စရေး ဝန်ကြီးချုပ် ရဲ့ အကြံပေး ဒိုရေး ဂိုးလ် ကတော့ ၊ ဒီကိစ္စ ကို သူ တို့ဘက် ကလည်း စုံစမ်းစစ်ဆေး နေတဲ့ အကြောင်း၊ ပြီးခဲ့တဲ့ နေ့ က ရှီဖါ ဆေးရုံ ကို ထိမှန်တဲ့ အခါမှာ၊ ဗုံးဆံ တွေ ကို ကြည့်လိုက်တော့၊ ဟားမားစ်တွေ ရဲ့ ဖါ့ဂျ်ရ် ဒုံးလက်နက် က ဖြစ်နေ လို့၊ ဒါကြောင့် မို့ စစ်မက်ဇုံထဲမှာ ဘယ်သူ့ ရဲ့ လက်နက် နဲ့ ပစ်ခတ်မှု ဆိုတာ၊ သိရဖို့ အခက်အခဲရှိပါတယ် လို့ ရှင်းပြပါတယ်။