မှုခင်းဆေးသိပ္ပံအဖွဲ့ လေယာဉ်ပျက် နေရာကို ရောက်ရှိ

  • 31 ဇူလိုင် 2014
ဓာတ်ပုံ မူပိုင် AP
Image caption ယူကရိန်း အစိုးရတပ် အစောင့်အရှောက်နဲ့ ထွက်ခွာစဉ်

နယ်သာလန်နဲ့ သြစတြေးလျ နိုင်ငံတို့က မှုခင်း ဆေးပညာရှင်တွေ အဖွဲ့ဟာ မလေးရှား လေယာဉ် MH17 ပျက်ကျခဲ့တဲ့ နေရာကို တစ်ပတ် အတွင်း ပထမဆုံး အကြိမ် သွားရောက်နိုင်ခဲ့ပြီလို့ OSCE ခေါ် ဥရောပ စီးပွားရေးနဲ့ လုံခြုံရေးရာ ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့က ပြောပါတယ်။

ယူကရိန်း အရှေ့ပိုင်းက သူပုန်တွေ ထိန်းချုပ်ရာ နယ်မြေ အတွင်းမှာ ရှိတဲ့ လေယာဉ် ပျက်ကျရာ နေရာမှာ နိုင်ငံတကာ ရဲတပ်ဖွဲ့ တစ်ဖွဲ့ကို လုံခြုံရေး ချထားဖို့ ယူကရိန်း ပါလီမန်က တညီတညွတ်တည်း ထောက်ခံခဲ့ပြီးနောက် အခုလို ဖြစ်လာတာပါ။

မလေးရှား ဝန်ကြီးချုပ် Najib Razak ကလည်း လွန်ခဲ့တဲ့ ၂ ပတ်က ပျက်ကျခဲ့တဲ့ မလေးရှား လေယာဉ်နဲ့ ပတ်သက်ပြီး ဆွေးနွေးဖို့ နယ်သာလန် ဝန်ကြီးချုပ် Mark Rutte နဲ့ တွေ့ဆုံခဲ့ပါတယ်။

လေယာဉ်ပေါ် လိုက်ပါသွားသူ ၂၉၈ ယောက်စလုံး သေဆုံးခဲ့ရတဲ့ အထဲမှာ အများစုက နယ်သာလန် နိုင်ငံသားတွေ ဖြစ်ပါတယ်။

သေဆုံးသူတွေရဲ့ ရုပ်ကြွင်းတွေကို အမြန်ဆုံး ပြန်ရဖို့က အရေးကြီးတယ်လို့ မလေးရှား ဝန်ကြီးချုပ် မစ္စတာ Razak က ပြောပါတယ်။

ဒါ့အပြင် လေယာဉ်ပျက်ကျရာ နေရာကို နိုင်ငံတကာက စုံစမ်း စစ်ဆေးသူတွေ လွတ်လွတ်လပ်လပ် သွားနိုင်ဖို့ ယူကရိန်း စစ်တပ်နဲ့ ရရှား လိုလားသူ ခွဲထွက်ရေး သူပုန်တွေကြား အပြင်းအထန် တိုက်ခိုက်နေတာတွေကို ချက်ချင်း ရပ်တန့်ဖို့လည်း သူက တောင်းဆိုလိုက်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ