လိုဏ်ခေါင်းတွေ ဖျက်ဆီးဖို့ အစ္စရေး သန္နိဋ္ဌာန်ချထား

  • 31 ဇူလိုင် 2014
ဓာတ်ပုံ မူပိုင် AP
Image caption လိုဏ်ခေါင်းတခုကို ဝင်ရောက် ရှင်းလင်းစဉ်

အစ္စရေးနဲ့ ပါလက်စတိုင်း အပစ်ရပ်ဖို့ သဘောတူသည် ဖြစ်စေ၊ မတူသည် ဖြစ်စေ၊ ဂါဇာ ကနေ အစ္စရေး ဘက်ကို ဝင်ရောက်ရာမှာ သုံးတဲ့ ပါလက်စတိုင်း စစ်သွေးကြွတွေ ဆောက်ထားတဲ့ ဥမင် လိုဏ်ခေါင်းတွေကို ဖျက်ဆီးပစ်ဖို့ အစ္စရေး အနေနဲ့ သန္နိဋ္ဌာန် ချထားကြောင်း ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက ပြောပါတယ်။

အားလုံးကို ရှင်းလင်း ဖျက်ဆီးဖို့ နောက်ထပ် ရက် အနည်းငယ်ပဲ လိုတော့တယ်လို့ အစ္စရေး စစ်တပ် ဦးစီးချုပ်က ပြောထားခဲ့ပြီး၊ အဲဒီလို ရှင်းလင်းရေး တာဝန်တွေကို ပြီးမြောက်အောင် လုပ်ခွင့် မပြုတဲ့ ဘယ်လို သဘောတူညီချက်ကိုမှ လက်ခံမှာ မဟုတ်ဘူး လို့လည်း အစ္စရေး ဝန်ကြီးချုပ်က ပြောပါတယ်။

အစ္စရေးက ဂါဇာကို လေကြာင်း တိုက်ခိုက်မှုတွေ၊ လက်နက်ကြီးတွေနဲ့ ဆက်လက် ပစ်ခတ်နေသလို ဟားမားစ်တို့ကလည်း အစ္စရေး ဘက်ကို ရော့ကက် ဒုံးကျည်တွေနဲ့ ပစ်ခတ်နေပါတယ်။

အခုဆို တိုက်ခိုက်မှုတွေ စတင်ခဲ့တာ သီတင်း ၄ ပတ်ထဲ ဝင်လာနေပါပြီ။ သေဆုံးသူ အရေအတွက်လည်း ပိုများလာတဲ့ အတွက် အစ္စရေးတို့ရဲ့ စစ်ရေး တိုက်ခိုက်မှုတွေ အပေါ် နိုင်ငံတကာက ဝေဖန်တာတွေလည်း ပိုတိုးလာနေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ