အစ္စရေးနဲ့ ဟားမာ့စ် ၇၂နာရီကြာ အပစ်ရပ်ဖို့ သဘောတူ

  • 1 ဩဂုတ် 2014
ဓာတ်ပုံ မူပိုင် AP
Image caption တလနီးပါးလောက် တိုက်ပွဲတွေ ဖြစ်ခဲ့အပြီးမှာ အခုလို ယာယီ အပစ်ရပ်ဖို့ သဘောတူချက် ထွက်ပေါ်လာ

ဂါဇာ ဒေသမှာ လူသားချင်း စာနာတဲ့အနေနဲ့ ၂၀၁၄ခုနှစ် သြဂုတ်လ ၁ရက် သောကြာနေ့ မနက် ၈နာရီက စလို့ ၇၂ နာရီကြာ အပစ်ရပ်ရေးကို အစ္စရေးနဲ့ ဟားမာ့စ် အဖွဲ့အကြား သဘောတူလိုက်ကြပါတယ်။

ဒီသဘောတူချက်ကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းနဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး John Kerry တို့က ထုတ်ဖော် ကြေညာလိုက်တာပါ။

ဂါဇာဒေသမှာ အရပ်သားတွေ အများစု ပါဝင်တဲ့ ပါလက်စတိုင်း လူမျိုး တထောင့်လေးရာကျော် သေဆုံးခဲ့ပြီး လူသိန်းနဲ့ချီ နေအိမ် စွန့်ခွာ ထွက်ပြေးခဲ့ကြရတဲ့ သီတင်း သုံးပတ်ခွဲကြာ တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့အပြီးမှာ အခုလို ယာယီ အပစ်ရပ်စဲထားဖို့ သဘောတူလိုက်တာ ဖြစ်ပါတယ်။

အစ္စရေးနိုင်ငံထဲကို ဟားမား အဖွဲ့က ရော့ကက် ဒုံးကျည်တွေနဲ့ ပစ်ခတ်နေတာကို တားဆီးတဲ့အနေနဲ့ အစ္စရေးတို့ရဲ့ တိုက်ခိုက်ခဲ့မှုတွေအတွင်း ဖြစ်ပွားခဲ့တဲ့ သေဆုံးမှုတွေ ထိခိုက် ပျက်စီးမှု တွေနဲ့ ပတ်သက်လို့ အစ္စရေး အစိုးရအနေနဲ့ အကြီးအကျယ် ဝေဖန်ခံနေရပါတယ်။

အစ္စရေးတို့ဘက်က အစ္စရေးလူမျိုး ၅၈ဦး သေဆုံးခဲ့ပြီး အားလုံး နီးပါးလောက်ဟာ စစ်သားတွေ ဖြစ်ကြပါတယ်။