မလေးရှား လေယာဉ်ပျက် နေရာမှာ ရှာဖွေဆဲ

  • 2 ဩဂုတ် 2014
ဓာတ်ပုံ မူပိုင် Reuters
Image caption ကျွမ်းကျင်သူတွေ အဖွဲ့လိုက် ရောက်နေ

လွန်ခဲ့တဲ့ နှစ်ပတ်ကျော်က လူ ၂၉၈ ဦး သေဆုံးခဲ့တဲ့ မလေးရှား လေယာဉ် ပစ်ချ ခံရတဲ့ နေရာကို လေ့ကျင့် ထားတဲ့ အနံ့ခံခွေးတွေ ပါဝင်တဲ့ နိုင်ငံတကာ ရှာဖွေရေး အဖွဲ့တခု ရောက်ရှိ နေပါတယ်။

သူတို့ဟာ သေဆုံးသူ တွေရဲ့ ခန္ဓာကိုယ် ရုပ်ကျွင်း တွေကို အဓိက ရှာဖွေ ကြမှာ ဖြစ်ပါတယ်။

ကျွမ်းကျင်သူ ၇၀ နဲ့ ဥရောပ လုံခြုံရေးနဲ့ ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့ OSCE က စောင့်ကြည့် လေ့လာသူ တွေဟာ လေယာဉ် အပျက်အစီး တွေကို ဒုတိယမြောက် နေ့အဖြစ် ဆက်လက် ရှာဖွေ နေပါတယ်။

ဒီအတောအတွင်း ယူကရိန်း အစိုးရ တပ်တွေနဲ့ လေယာဉ်ကို ပစ်ချခဲ့တယ်လို့ စွပ်စွဲ ခံထား ရတဲ့ သူပုန် အဖွဲ့တို့ တိုက်ပွဲတွေ ဆက်ဖြစ် နေပါတယ်။

ရုရှ လိုလားတဲ့ သူပုန်တွေက သူတို့ သိမ်းထားတဲ့ နယ်မြေတွေကို ထိန်းချုပ် နိုင်ဖို့ အကျဉ်းရုံး စီရင် သတ်ဖြတ်မှုတွေ လုပ်ခဲ့တာ ရှိတယ်လို့ သူပုန်ဖက်က အဆင့်မြင့် အကြံပေး ပုဂ္ဂိုလ် တဦးဖြစ်တဲ့ Igor Druz က ဘီဘီစီကို ဝန်ခံ ပြောကြား ခဲ့ပါတယ်။