ကုလသမဂ္ဂကျောင်း အပစ်ခံရမှု ရာဇဝတ်မှုမြောက်

  • 3 ဩဂုတ် 2014
gaza_rafah_un_school_ ဓာတ်ပုံ မူပိုင် AFP
Image caption ကုလလက်အောက်ခံ ကျောင်းအနီး ဒုံးကျည်မှန်

ကုလသမဂ္ဂ အတွင်းမှူးချုပ် ဘန်ကီမွန်း က၊ ရာဖါရ် ရှိ၊ ကုလသမဂ္ဂ လက်အောက်ခံ စာသင်ကျောင်းတွေ ကို အစ္စရေး ဘက် က ဒုံးကျည်တွေ နဲ့ ပစ်ခတ်ခြင်း ဟာ၊ ရာဇဝတ်မှု မြောက်တဲ့ လုပ်ရပ် လို့ ဝေဖန် ရှုံ့ချ လိုက် ပါတယ်။

ဒါပေမယ့် ပါလက်စတိုင်း ဟားမားစ်တွေ ဘက် ကတော့ ဘန်ကီမွန်း ရဲ့ နှုတ်ဆိတ်နေမှု ဟာ အစ္စရေး ရဲ့ သိမ်းပိုက်၊ သတ်ဖြတ်မှု တွေ ကို တရားဝင်လုပ်ခွင့် ပြုနေတာ နဲ့ အလားတူ တယ် လို့ ဟားမားစ် ပြောခွင့်ရ ပုဂ္ဂိုလ် ဆာမိ အဘူဇူရီ က ဆိုပါတယ်။

ရာဖါရ် မြို့ က ကုလသမဂ္ဂ လက်အောက်ခံ ကျောင်း ကို မနေ့ မနက်က နောက်တကြိမ် ပစ်ခတ်မှု ဟာဆိုရင် အစ္စရေး တွေ ရဲ့ ဆက်တိုက် အစုလိုက် ပစ်ခတ် သတ်ဖြတ်မှု ဖြစ်နေလို့၊ ဒါဟာ စစ်ရာဇဝတ်မှု မြောက်တဲ့ အကြောင်း၊ ဘန်ကီမွန်း နဲ့ နိုင်ငံတကာ အသိုင်းအဝန်း က၊ အစ္စရေး စစ်သားတွေ သေတာကိုပဲ၊ ဒီဘက် ကို အပြစ်ဖို့ နေတာဟာ၊ တဘက်သတ် ဆန်နေလို့၊ ရပ်တည်ချက် ပြောင်း ဖို့ လိုပြီ လို့ ပြောလိုက်တာပါ။

အမေရိကန် ဘက် ကတော့၊ ဒီ လို ကုလသမဂ္ဂ ကျောင်းတွေ ကို၊ အစ္စရေးက ပစ်မှတ်ထား၊ ပစ်ခတ်နေမှု ဟာ တုံလှုပ်ချောက်ချား ဘွယ်ရာ ကောင်း တဲ့ အတွက်၊ အင်မတန် ရှက်စရာ၊ ဂုဏ်သိမ်ညှိုးစရာ လုပ်ရပ် လို့ ပြောပါတယ်။

ဒါကို အစ္စရေး က တုံ့ပြန်တဲ့ အခါမှာတော့၊ အစ္စရေး စစ်တပ်ရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် ဒုဗိုလ်မှူးကြီး ပီတာလာနာ က၊ သူတို့ အစ္စရေး စစ်တပ်အနေနဲ့ ကုလသမဂ္ဂ အဆောက် အအုံတွေ ကို သက်သက်မဲ့ ပစ်မှတ်ထားတာ မဟုတ်တဲ့ အကြောင်း၊ ဒီကြားထဲမှာ ကုလ အဆောက်အအုံတွေ ထဲမှာ လက်နက်တွေ ဖွက်တာကို သိပေမယ့်၊ သူ တို့ ဘာမှ မလုပ်တဲ့ အကြောင်း၊ ဒါပေမယ့် အခြေအနေ တွေ ရှုတ်ထွေး နေတော့၊ တခါတလေ မနေ့ က လို မှားပစ်မိတာမျိုး ဖြစ်တာကို လည်း၊ သူတို့ အနေနဲ့ စုံစမ်းနေပါတယ် လို့ ပြောပါတယ်။