ဂါဇာက နေရာအချို့မှာ အစ္စရေး ၇ နာရီ အပစ်ရပ်ထား

  • 4 ဩဂုတ် 2014
ဓာတ်ပုံ မူပိုင် Reuters
Image caption အပစ်ရပ်ဖို့ ကြေညာပြီး မကြာခင် ဂါဇာက အိမ်တလုံး အပစ်ခံရ

ဂါဇာ ဒေသ နယ်မြေအချို့မှာ အစ္စရေး တို့ရဲ့ ထိုးစစ်ဆင် တိုက်ခိုက်မှုတွေ ၇ နာရီကြာ ရပ်စဲထားဖို့ အစ္စရေးတို့ဘက်က ကြေညာတဲ့ အစီအစဉ်ဟာ အခု စတင် သက်ရောက် နေပါပြီ။

ခြွင်းချက် အနေနဲ့ ဂါဇာ တောင်းပိုင်းက ရာဖာ မြို့မှာတော့ ဒီ ၇ နာရီကြာ အပစ်ရပ် အစီအစဉ် သက်ရောက်မှာ မဟုတ်ဘဲ ပါလက်စတိုင်း ဘက်က တိုက်ခိုက်လာရင် တုံ့ပြန် တိုက်ခိုက် သွားမယ်လို့ အစ္စရေး စစ်တပ် အရာရှိ တဦးက ပြောပါတယ်။

ဒီလို အစ္စရေးတို့ရဲ့ ယာယီ အပစ်ရပ်ထားမယ့် အစီအစဉ် စတင်ပြီးနောက် သိပ်မကြာခင်မှာပဲ အစ္စရေးတို့ ဘက်က လေကြောင်းက တိုက်ခိုက်ခဲ့လို့ ဂါဇာက အိမ်တလုံး ထိမှန်ပြီး အနည်းဆုံး ပါလက်စတိုင်း ၁ ဦး သေဆုံး သွားတယ်လို့ ဂါဇာမှာ ရှိတဲ့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

ဂါဇာ ဒေသက ကုလသမဂ္ဂ လက်အောက်ခံ စာသင်ကျောင်း အနီးတဝိုက်ကို အစ္စရေးတို့ရဲ့ တိုက်ခိုက်မှု အပေါ် ကုလသမဂ္ဂနဲ့ အမေရိကန်တို့က အပြင်းအထန် ဝေဖန် ရှုံးချပြီး နောက်တနေ့မှာ အစ္စရေးတို့က အခုလို ၇ နာရီ အပြစ်ရပ်စဲဖို့ ကြေညာခဲ့တာ ဖြစ်ပါတယ်။

မနေ့က အဲဒီ ကုလသမဂ္ဂ စာသင်ကျောင်း အပစ်ခံရမှုမှာ အနည်းဆုံး ၁၀ ဦး သေဆုံးခဲ့ပြီး အစ္စရေးတို့ကတော့ စာသင်ကျောင်း အနီးက စစ်သွေးကြွတွေကိုသာ ချိန်ရွယ် တိုက်ခိုက်ခဲ့တာ ဖြစ်ကြောင်း ပြောခဲ့ပါတယ်။

ဂါဇာဒေသမှာ အစ္စရေးတို့ရဲ့ တိုက်ခိုက်မှုကြောင့် ၄ ပတ်အတွင်း ပါလက်စတိုင်း ၁၈၀၀ သေဆုံးခဲ့ပြီး ၉၀၀၀ ကျော် ဒဏ်ရာရခဲ့တယ်လို့ ဂါဇာ ကျန်းမာရေး ဌာနက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ