ပထမ ကမ္ဘာစစ် ရာပြည့် အခမ်းအနားတွေ ကျင်းပ

  • 4 ဩဂုတ် 2014
ဓာတ်ပုံ မူပိုင် Getty
Image caption Folkestone မြို့မှာ ပထမ ကမ္ဘာစစ် ရာပြည့် အထိမ်းအမှတ် မှတ်တိုင် ဖွင့်လှစ်

ဂျာမနီက ဘယ်ဂျီယံကို ကျူးကျော် တိုက်ခိုက်ခဲ့ပြီး ဗြိတိန်က ပထမ ကမ္ဘာစစ်ထဲကို ဝင်ပါလာတဲ့နေ့ နှစ်တရာပြည့် အထိမ်းအမှတ် အခမ်းအနားတွေကို ကျင်းပနေပါတယ်။

ဗြိတိန်မှာတော့ အင်္ဂလန် တောင်ပိုင်း ကမ်းခြေမြို့ ဖြစ်တဲ့ ဖော့ခ်စတုန်း Folkestone မှာ ကျင်းပတဲ့ အခမ်းအနားကို ဘုရင်မကြီး အဲလိဇဘက်ရဲ့ မြေးတော် မင်းသား ဟယ်ရီ တက်ရောက်နေပါတယ်။

အဲဒီ Folkestone မြို့ဟာ ပထမ ကမ္ဘာစစ်တုန်းက ဂျာမန် စစ်မျက်နှာပြင်ကို သွားရောက် တိုက်ခိုက်ဖို့ သန်းနဲ့ ချီတဲ့ ဗြိတိသျှ လူမျိုးတွေ ထွက်ခွာရာ၊ ပြန်လည် ဆိုက်ရောက်ရာ ဆိပ်ကမ်း မြို့ ဖြစ်ပါတယ်။

ဘယ်လ်ဂျီယံ နိုင်ငံ လီအေ့ဂျ် Liege မြို့မှာတော့ ဂျာမန် တွေကို ခုခံ တိုက်ခိုက် ခဲ့သူတွေကို ဂုဏ်ပြုတဲ့ အခမ်းအနားကို ကျင်းပခဲ့ကြပြီး အဲဒီ အခမ်းအနားကို ဗြိတိန်က မင်းသား ဝီလျံတို့ ဇနီးမောင်နှံ အပါအဝင် နိုင်ငံပေါင်း ၅၀ က ကိုယ်စားလှယ်တွေ တက်ရောက် ခဲ့ကြပါတယ်။

အဲဒီနောက် ဗြိတိသျှနဲ့ ဂျာမန် တပ်တွေ ပထမဆုံး တိုက်ခိုက်ခဲ့ကြတဲ့ မွန်းစ် Mons မြို့အနီးက စစ်သင်္ချိုင်းမှာလည်း အမှတ်ရ ဂုဏ်ပြုပွဲတွေ ကျင်းပဦးမှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ