F1 အကြီးအကဲရဲ့ အမှု သန်း ၁၀၀ ပေးပြီး ကြေအေး

  • 5 ဩဂုတ် 2014
ဓာတ်ပုံ မူပိုင် epa
Image caption မစ္စတာ Bernie Ecclestone တရားရုံးကနေ ထွက်ခွာစဉ်။

လာဘ်ထိုးမှုနဲ့ တရားရုံးမှာ အမှု ရင်ဆိုင်နေရတဲ့ ဖော်မြူလာဝမ်း ပြိုင်ကား မောင်းပွဲရဲ့ အကြီးအကဲ ဖြစ်သူ ဘီလျံနာ သူဌေးကြီး Bernie Ecclestone ရဲ့ အမှုကို ဂျာမန် တရားရုံးက ရုပ်သိမ်း ပယ်ဖျက် ပေးလိုက်ပါတယ်။

ဂျာမနီမှာ ရှိတဲ့ ထောက်ပံ့ကြေး ပေးနိုင်တဲ့ ဥပဒေ တခု အရ မစ္စတာ Ecclestone က ဒေါ်လာ သန်း ၁၀၀ ထောက်ပံ့မယ်လို့ သဘောတူတာကြောင့် ဂျာမန် အစိုးရ ရှေ့နေတွေက လက်ခံလိုက်ကြပြီး ခုလို အမှု ရုပ်သိမ်း ပေးလိုက်တာ ဖြစ်ပါတယ်။

မစ္စတာ Ecclestone က ပေးမယ့် ဒေါ်လာ သန်း ၁၀၀ ထဲက ၉၉ သန်းကို Bavaria ပြည်နယ်ရဲ့ ဘဏ္ဍာငွေ အဖြစ် သုံးမှာ ဖြစ်ပြီး ၁ သန်းကတော့ ကလေးဆေးရုံ တစ်ခုကို ထောက်ပံ့ရမယ်လို့ တရားသူကြီး Noll က ဆုံးဖြတ်ပါတယ်။

မစ္စတာ Ecclestone ရင်ဆိုင်ခဲ့ရတဲ့ အမှုဟာ ဂျာမန် ဘဏ်တစ်ခုက တော်တော် များများ ပိုင်တဲ့ ဖော်မြူလာဝမ်း အစုတွေကို ရောင်းချခဲ့မှုနဲ့ သက်ဆိုင်ပါတယ်။

မစ္စတာ Ecclestone အနေနဲ့ ဖော်မြူလာဝမ်းကို ဆက်လက် ချူပ်ကိုင်နိုင်ဖို့ အတွက် သူအလိုရှိတဲ့ ကုမ္မဏီဆီကို အဆိုပါ အစုတွေ ရောင်းချဖို့ အဲဒီ ဘဏ်ရဲ့ အကြီးအကဲကို မစ္စတာ Ecclestone က ဒေါ်လာ သန်း ၄၀ ကျော် ပေးခဲ့တယ် ဆိုပြီး အစိုးရ ရှေ့နေတွေက စွဲဆိုခဲ့တာ ဖြစ်ပါတယ်။

အခုလို သူ့ရဲ့ အမှုကို ကြေအေး ရုပ်သိမ်း ပေးလိုက်တာဟာ မစ္စတာ Ecclestone ရဲ့ ၈၃ နှစ် ရှိပြီ ဖြစ်တဲ့ အသက်အရွယ် ဟာလည်း ထည့်သွင်း စဉ်စားရာမှာ တစ်ကြောင်း ပါဝင်ကြောင်း အစိုးရ ရှေ့နေတွေက ဆိုပါတယ်။