ဂါဇာမှာ ၃ ရက် အပစ်ရပ်၊ အစ္စရေး တပ်တွေ ရုပ်သိမ်း

  • 5 ဩဂုတ် 2014
ဓာတ်ပုံ မူပိုင် AFP
Image caption အစ္စရေး တပ်တွေ ဂါဇာကနေ အကုန် ရုပ်သိမ်းလိုက်ပြီလို့ ဆို

ပါလက်စတိုင်း ဟားမတ်စ် အဖွဲ့နဲ့ အစ္စရေးတို့ အကြား ၃ ရက်ကြာ အပစ်ရပ်ကြဖို့ သဘောတူ ခဲ့ကြပြီးနောက် ဂါဇာမှာ ရှိတဲ့ အစ္စရေး တပ်ဖွဲ့တွေ အားလုံးကို ရုပ်သိမ်း လိုက်ပြီလို့ အစ္စရေး ဘက်က ပြောပါတယ်။

ဒီလို အပစ်ရပ်ကြဖို့ အတွက် အီဂျစ်က ကြားဝင် ညှိနှိုင်း ပေးခဲ့တာ ဖြစ်ပါတယ်။ ဂါဇာမှာ ဖြစ်ပေါ်နေတဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေ ရေရှည် လုံးဝ ရပ်စဲသွားနိုင်ဖို့ ညှိနှိုင်းမှုတွေ ဆက်လက် လုပ်ဆောင် သွားကြမယ် လို့လည်း မျှော်လင့်ရပါတယ်။

အီဂျစ်နိုင်ငံ ကိုင်ရိုမြို့မှာ ပါလက်စတိုင်း ဘက်က ကိုယ်စားလှယ်တွေ ရောက်ရှိနှင့်နေပြီ ဖြစ်ပြီး အစ္စရေး ဘက်ကလည်း ကိုယ်စားလှယ်တွေ စေလွှတ်လာမယ်လို့ မျှော်လင့်ရပါတယ်။

ဒါပေမယ့် ဂါဇာမှာ ဟားမတ်စ် အဖွဲ့ ရှိနေတာဟာ ငြိမ်းချမ်းရေး အတွက် ကြီးမားတဲ့ အနှောင့်အယှက် ဖြစ်တယ်လို့ လန်ဒန်မှာ ရှိတဲ့ အစ္စရေး သံရုံးက ပြောခွင့်ရ ပုဂ္ဂိုလ်က ဘီဘီစီကို ပြောပါတယ်။

အခုလို အပစ်ရပ်ရေး အစီအစဉ် မစတင်မီ မိနစ်ပိုင်း အလိုအထိ ဟားမတ်စ် ဘက်က အစ္စရေး တောင်ပိုင်းကို ဒုံးကျည်တွေ ဆက်တိုက် ပစ်နေခဲ့ပြီး အစ္စရေး တပ်ဖွဲ့တွေကလည်း ဂါဇာ နယ်မြေထဲမှာ ရှင်းလင်း တိုက်ခိုက်မှုတွေ လုပ်နေခဲ့ကြတာ ဖြစ်ပါတယ်။

ဂါဇာမှာ တစ်လကြာ တိုက်ခိုက်မှုတွေကြောင့် ပါလက်စတိုင်းဘက်က ၁၈၀၀ ကျော် သေဆုံးပြီး အစ္စရေးဘက်က ၆၇ ဦး သေဆုံးတယ်လို့ သိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ