ဂါဇာမှာ နောက်ထပ်ညှိနှိုင်းမှုတွေ လုပ်ဖို့ မစ္စတာကယ်ရီ ပြော

  • 6 ဩဂုတ် 2014
Image caption အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး John Kerry ကို ဘီဘီစီ တွေ့ဆုံ မေးမြန်းစဉ်

ဂါဇာဒေသမှာ အပစ်အခတ် ရပ်စဲထားတာကို အခွင့်ကောင်းယူပြီး နောက်ထပ် ပိုကျယ်ပြန့်တဲ့ ညှိနှိုင်း ဆွေးနွေးမှုတွေ လုပ်နိုင်အောင် ရှေ့တိုး ဆောင်ရွက်ကြဖို့ အစ္စရေးနဲ့ ပါလက်စတိုင်း တို့ကို အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး John Kerry က တိုက်တွန်းပြောကြားလိုက်ပါတယ်

နှစ်နိုင်ငံစလုံး ပြေလည်နိုင်မယ့် အဖြေမျိုးရလာအောင် ညှိနှိုင်းပြောဆိုနိုင်ရေးကို အာရုံစိုက် ဆောင်ရွက်ဖို့ လိုကြောင်းနဲ့ အမေရိကန် အစိုးရဘက်က ဆက်လက် ကူညီ ဆောင်ရွက်သွားမယ် ဆိုတာကို အလေးအနက် ကတိပြုကြောင်း မစ္စတာ Kerry က ဘီဘီစီကို ပြောသွားပါတယ်။

ပါလက်စတိုင်းတွေရဲ့ ရော့ကက် ဒုံးကျည်တွေရဲ့ ရန်ကို တုန့်ပြန် ကာကွယ်ပိုင်ခွင့် အစ္စရေးတို့မှာ ရှိတယ်လို့ မစ္စတာ Kerry က ပြောခဲ့ပြီး တိုက်ခိုက်မှုတွေအတွက် ဟားမာ့စ်အဖွဲ့ကို ပြစ်တင် ပြောဆိုခဲ့ပါတယ်။

ဒါပေမယ့် ဆိုးဝါးလှတဲ့ ထိခိုက်ပျက်စီးမှုတွေ ဆက်စပ် ဖြစ်ပွားခဲ့တယ် ဆိုတာကို မစ္စတာ Kerry က ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

အစ္စရေးနဲ့ ပါလက်စတိုင်း ဟားမာ့စ် အဖွဲ့အကြား ၇၂နာရီကြာ အပစ်ရပ်ထားမှု စတင်တဲ့ ပထမနေ့မှာ ဂါဇာဒေသက ပါလက်စတိုင်း ထောင်ပေါင်းများစွာဟာ ကုလသမဂ္ဂ ဒုက္ခသည်စခန်းတွေကနေ ကိုယ့်နေအိမ်တွေဆီ ပြန်လာနေကြပါတယ်။

အကြမ်းဖက်တိုက်ခိုက်နေမှုတွေ အဆုံးသတ်သွားစေရေး ပါလက်စတိုင်းတို့နဲ့ ရေရှည် အပစ်ရပ်ရေး သဘောတူချက်တခု ဆွေးနွေး ညှိနှိုင်းဖို့အတွက် အစ္စရေးတို့ဘက်က ကိုယ်စားလှယ် အဖွဲ့တဖွဲ့ကို ကိုင်ရိုမြို့ဆီ စေလွှတ်ထားပြီး ဖြစ်ပါတယ်။