အပစ်ရပ်ရေးကို အချိန်တိုးဖို့ အစ္စရေး အဆင်သင့်ရှိ

  • 7 ဩဂုတ် 2014
ဓာတ်ပုံ မူပိုင် AFP
Image caption ဂါဇာဒေသမှာ တိုက်ပွဲတွေ တလကြာ ဖြစ်ပွားခဲ့

ဂါဇာဒေသမှာ တလကြာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့အပြီး အီဂျစ် အစိုးရ ကြားဝင် ညှိနှိုင်းပေးတဲ့ ၇၂နာရီကြာ အပစ်ရပ်ရေးကို အချိန် ထပ်တိုးဖို့ အခုအခါ အဆင်သင့် ရှိတယ်လို့ အစ္စရေး တာဝန်ရှိ ပုဂ္ဂိုလ်တွေက အတည်ပြု ပြောကြားလိုက်ပါတယ်။

အချိန်ပိုကြာကြာ အပစ်အခတ် ရပ်စဲဖို့ ဆွေးနွေး ပြောဆိုမှုတွေကို ကိုင်ရိုမြို့မှာ ဆက်လုပ်နေဆဲ ဖြစ်ပါတယ်။

ဒါပေမယ့် ဟားမာ့စ် ပါလက်စတိုင်း လက်နက်ကိုင်အဖွဲ့ ရဲ့ ထိပ်တန်း တာဝန်ရှိ ပုဂ္ဂိုလ် ကတော့ အပစ်ရပ်ရေးကို ထပ်တိုးဖို့ ဘာ သဘောတူချက်မှ မလုပ်ရသေးဘူးလို့ ပြောပါတယ်။

ကုလသမဂ္ဂ အဆောက်အအုံ ဝန်းတွေကို အမြောက်တွေနဲ့ အကြိမ်ကြိမ် ပစ်ခတ်မှုတွေ လုပ်ခဲ့တဲ့ အစ္စရေးကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက အစောပိုင်းတုန်းက ဝေဖန် ပြောကြားလိုက်ပြီး ဒါဟာ နိုင်ငံတကာ စည်းမျဉ်း ဥပဒေကို ချိုးဖောက်ရာ ကျတယ်လို့ ပြောပါတယ်။

အမေရိကန် သမ္မတ အိုဘားမားကတော့ ပိုတည်တံ့ ခိုင်မြဲတဲ့ အပစ်ရပ်ရေး တခု ရနိုင်ရေးအတွက် နည်းလမ်းတွေ ရှိကြောင်း၊ ဒါပေမယ့် နှစ်ဘက်စလုံးရဲ့ နိုင်ငံရေး ခေါင်းဆောင်တွေအနေနဲ့ အရဲစွန့် လုပ်ဖို့ လိုအပ်ကြောင်း ဝါရှင်တန်မြို့မှာ ပြောကြားလိုက်ပါတယ်။