လိုင်ဘေးရီးယားမှာ အရေးပေါ် အခြေအနေ ကြေညာ

  • 7 ဩဂုတ် 2014
ဓာတ်ပုံ မူပိုင် epa
Image caption အီဘိုလာကြောင့် သေဆုံးသူ လိုင်ဘေးရီးယားမှာ အများဆုံးဖြစ်

လိုင်ဘေးရီးယား နိုင်ငံမှာ အီဘိုလာ ဗိုင်းရပ်စ် ကူးစက် ပျံ့နှံ့နေမှုကြောင့် သမ္မတ Ellen Johnson Sirleaf က အရေးပေါ် အခြေအနေကို ကြေညာလိုက်ပါတယ်။

ရောဂါ ကူးစက် ခံနေရတဲ့ ဒေသတွေမှာ လူတွေရဲ့ အဝင်အထွက်ကို ထိန်းချူပ်ဖို့ အဖြူရောင် တံတိုင်း White Shield လို့ ခေါ်တဲ့ အထူး စီမံကိန်းကို သောကြာနေ့မှာ အပြည့်အဝ စတင်မယ်လို့ လိုင်ဘေးရီးယား ပြန်ကြားရေး ဝန်ကြီးက ပြောပါတယ်။

အနောက် အာဖရိကက ဂီနီ၊ ဆီရီယာ လီယွန်းနဲ့ နိုင်ဂျီးရီးယား နိုင်ငံတွေမှာ ကူးစက် ဖြစ်ပွားနေပြီး ခုချိန်ထိ စုစုပေါင်း ၉၃၂ ဦး သေဆုံးခဲ့ရကာ အဲဒီ အထဲက ၂၈၂ ဦးက လိုင်ဘေးရီးယားမှာ သေဆုံးခဲ့တာ ဖြစ်ပါတယ်။

နိုင်ဂျီးရီးယား နိုင်ငံမှာတော့ လွန်ခဲ့တဲ့ တစ်လ ကတည်းက သပိတ်မှာက်နေခဲ့တဲ့ နိုင်ဂျီးရီးယား ကျန်းမာရေး အသင်းဟာ အီဘိုလာ အန္တရာယ်ကြောင့် သပိတ်လှန် လိုက်ကြဖို့ ဆုံးဖြတ်လိုက်ပါတယ်။

နိုင်ဂျီးရီးယားဟာ အာဖရိကတိုက်မှာ လူဦးရေ အများဆုံး ဖြစ်ပြီး အီဘိုလာကြောင့် ၂ ဦး သေဆုံးခဲ့ပြီး တခြား ၅ ဦးလည်း ကူးစက် ခံနေရကြောင်း တွေ့ရှိထားပါတယ်။

အီဘိုလာ ရောဂါကို ထိန်းချုပ် ကာကွယ်နိုင်ဖို့အတွက် ဂျနီဗာမြို့မှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ပညာရှင်တွေ ဆွေးနွေးနေပြီး ကမ္ဘာလုံး အတိုင်းအတာနဲ့ အရေးပေါ် အခြေအနေ သတ်မှတ် သင့် မသင့် ဆုံးဖြတ်ကြမှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ