ဂါဇာမှာ တိုက်ခိုက်မှုတွေ ပြန်လည် စတင်

  • 8 ဩဂုတ် 2014
ဓာတ်ပုံ မူပိုင် epa
Image caption ၃ ရက် အပစ်ရပ်ပြီးနောက် တိုက်ခိုက်မှုတွေ ပြန်စ

၃ ရက်ကြာ အပစ်အခတ် ရပ်စဲရေး သဘောတူညီတဲ့ အချိန် ပြည့်သွားပြီး မကြာခင်မှာ ဂါဇာ ကနေ ဒုံးကျည်တွေနဲ့ ပစ်ခတ်မှုကို တုံ့ပြန်တဲ့ အနေနဲ့ အစ္စရေး ဘက်က တိုက်ခိုက်မှုတွေ စတင်ခဲ့ပါတယ်။

အစ္စရေးတို့ရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် ဂါဇာက ဗလီတစ်ခု အနီးမှာ ရှိနေတဲ့ လူငယ် တဦး သေဆုံးခဲ့ပြီး အတော်များများ ဒဏ်ရာ ရခဲ့တယ်လို့ ပါလက်စတိုင်း အရာရှိတွေက ပြောပါတယ်။

ဂါဇာ ဒေသကို အစ္စရေးတို့ရဲ့ တင့်ကားတွေ၊ စစ်ရေယာဉ်တွေ ကနေလည်း ပစ်ခတ် တိုက်ခိုက်မှုတွေ ရှိပါတယ်။

ဂါဇာ ဘက်က ပစ်တဲ့ ဒုံးကျည်တွေကြောင့် အစ္စရေး ဘက်က စစ်သား တစ်ယောက်နဲ့ အရပ်သား တစ်ယောက် ဒဏ်ရာရခဲ့ပါတယ်။

အီဂျစ် အရာရှိတွေ ကြားဝင် စေ့စပ်ပေးတဲ့ ပါလက်စတိုင်းနဲ့ အစ္စရေးတို့ကြား ကိုင်ရိုက ဆွေးနွေးမှုတွေ ကတော့ သဘောတူညီချက် တစုံတရာ မရဘဲ အဆုံးသတ် သွားခဲ့ပါတယ်။

သူတို့ဘက်ကို ဒုံးကျည်တွေနဲ့ ဆက်ပစ်နေသရွေ့ ဘယ်လို စေ့စပ် ညှိနှိုင်းမှုကိုမှ လုပ်မှာ မဟုတ်ဘူးလို့ အစ္စရေး ဘက်က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ