ဂါဇာမှာ ၃ ရက်ကြာ အပစ်ရပ်မှု စတင် အသက်ဝင်

  • 10 ဩဂုတ် 2014
_gaza_ceasefire ဓာတ်ပုံ မူပိုင် AFP
Image caption ဂါဇာ အပျက်အစီးပုံ အလည်

အစ္စရေးနဲ့ ပါလက်စတိုင်း အဖွဲ့ခွဲ တွေ အကြား တနင်္ဂနွေနေ့ အစောပိုင်း က ရရှိခဲ့တဲ့ သဘောတူမှု အရ ၊ ဂါဇာမှာ ၃ ရက်ကြာ အပစ်ရပ်စဲမှု စတင် အသက်ဝင်နေပြီ ဖြစ်ပါတယ်။ အခုလို သဘောတူမှု ရရှိလာအောင် အီဂျစ်က ကြားဝင် ဆောင်ရွက်ခဲ့ တာ ဖြစ်ပါတယ်။

အခု အပစ်ရပ်စဲမှုကို တကယ်တမ်း ထိမ်းထားနိုင်မယ် ဆိုရင်၊ ရေရှည် သဘောတူမှု တွေ ထပ်မံ ရရှိ လာနိုင်ဖို့၊ မနက်ဖြန် တနင်္လာနေ့ မှာ အစ္စရေး ဘက်က သူတို့ရဲ့ ကိုယ်စားလှယ် တွေကို ကိုင်ရိုမြို့ ကို စေလွှတ်မယ် လို့ ဆိုပါတယ်။

ဂါဇာမှာ ပါလက်စတိုင်း လက်နက်ကိုင်တွေ မရှိဖို့ အစ္စရေးဘက်က ဆက်လက် တောင်းဆို မှာ ဖြစ်သလို၊ ဟားမတ်စ် အဖွဲ့ကလည်း၊ အစ္စရေးတို့ ဂါဇာကို ပိတ်ဆို့ထားမှု အပေါ် ရုတ်သိမ်းဖို့ ဖိအားတွေ ဆက်လက်ပေးနေ ဦးမှာ ဖြစ်တယ် ဆိုပြီး၊ ဂျေရူဆလင်မ်မှာ ရှိတဲ့ ဘီဘီစီ သတင်းထောက် က ပြောပါတယ်။

နောက်ဆုံးတစ်ကြိမ် အပစ်ရပ်စဲမှု ကုန်ဆုံးခဲ့ပြီးနောက်၊ ပြန်လည် တိုက်ခိုက်ခဲ့ကြရာမှာ၊ လူ ၂၀ ကျော် သေဆုံးခဲ့ရပါတယ်။

ဂျူလိုင်လ အစောပိုင်း ကတည်းက စတင် ဖြစ်ပေါ်လာ ခဲ့တဲ့ ဂါဇာ အကြမ်းဖက်မှုတွေ အတွင်း အရပ်သား အများစု ဖြစ်တဲ့၊ ပါလက်စတိုင်း ၁၉၀၀ ကျော် သေဆုံးခဲ့ရ ပြီး၊ အစ္စရေး ဘက်ကတော့ အရပ်သား ၃ ဦး အပါအဝင်၊ ၆၇ ဦး သေဆုံး ခဲ့ရပါ တယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ