အမြောက်ဆံ ထိလို့ ယူကရိန်း အကျဉ်းထောင် ပေါက်

  • 11 ဩဂုတ် 2014
ဓာတ်ပုံ မူပိုင် AP
Image caption အမြောက်ကျည် ထိမှန်ရာ နေရာတခု

ယူကရိန်း အရှေ့ပိုင်း ဒွန်းညက်စ်မြို့ အစွန်မှာ ရှိတဲ့ လုံခြုံရေး ကျပ်တည်းတဲ့ အကျဉ်းထောင်ကို တနင်္ဂနွေနေ့ ညက အမြောက်ကျည် ၅ ခု ထိမှန်ခဲ့လို့ ထောင်သား ၁၀၆ ဦး လွတ်မြောက်သွားတယ်လို့ ဒေသ အာဏာပိုင်တွေက ပြောပါတယ်။

ထောင်သား ၁ ဦး သေဆုံးပြီး လုံခြုံရေး အစောင့် ၂ ဦးနဲ့ ထောင်သား ၅ ဦး ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

ဒွန်းညက်စ် မြို့စွန် ဒေသတဝိုက်မှာ ရှိတဲ့ ရုရှား လိုလားသူ ခွဲထွက်ရေး သူပုန်တွေကို ယူကရိန်း အစိုးရက အမြောက်တွေနဲ့ ပစ်ခတ်နေခဲ့ရာက ခုလို အကျဉ်းထောင်ကို ထိမှန်ခဲ့တာ ဖြစ်ပါတယ်။

ထွက်ပြေး လွတ်မြောက် သွားသူတွေအနက် ၃၄ ဦး ကိုတော့ ပြန်မိခဲ့ပြီး တခြား ထောင်ပြေးတွေကိုတော့ လိုက်လံ ခြေရာခံနေဆဲပဲလို့ ထောင်အာဏာပိုင်တွေက ပြောပါတယ်။

ထောင်ပြေးတွေ ထဲမှာ လူသတ်မှု၊ မုဒိမ်းမှု၊ ဓားပြမှုတွေနဲ့ ထောင်ကျနေသူတွေ ပါဝင်တယ်လို့ ဒွန်းညက်စ်ခ်မြို့ ကောင်စီရဲ့ ပြောခွင့်ရသူက ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ