အီရပ်စစ်ပြေးတွေ ကိုကူကြဖို့ ကုလတိုက်တွန်း

  • 12 ဩဂုတ် 2014
yazidi_refugees_on_mount_sinjar
Image caption စင်ဂျာ တောင်ပေါ်မှ ဒုက္ခသည်များ

အီရပ် နိုင်ငံမှာ အစ္စလာမ် စစ်သွေးကြွတွေ ရဲ့ တိုက်ခိုက်မှု တွေ ကြောင့် ထွက်ပြေးတိမ်းရှောင် နေရ တဲ့ ဒုက္ခသည် ပေါင်းဟာ သုံးသောင်း ကျော် နေပြီး ရာသီဥတု ဆိုးဝါးလှ တဲ့ အီရပ်နိုင်ငံ မြောက်ပိုင်း မှာ သောင်တင် နေကြ ပါတယ်။

သူတို့ ဟာ စင်ဂျာတောင်ပေါ်မှာ စားနပ်ရိက္ခာ၊ ရေ၊ နဲ့ အမိုးအကာ မဲ့ နေထိုင်ကြရတဲ့ အကြောင်း ကုလသမဂ္ဂ က ပြောပါတယ်။ အထူးသဖြင့် လူနည်းစု ယာဇီဒီ တိုင်းရင်းသား တွေ ဖြစ်ကြောင်း၊ ဒါကြောင့်မို့ သူတို့ ကို ဝိုင်းဝန်း ကူညီကြဖို့ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း က ပြောပါတယ်။

စင်ဂျာ တောင်ပေါ်မှာ ရောက်နေကြတဲ့ ယာဇီဒီ တိုင်းရင်သားတွေ နဲ့ တခြား စစ်ပြေးဒုက္ခသည် တွေ ရဲ့ အခြေအနေ ဟာ အထူးသဖြင့် မခံမရပ်နိုင်လောက် အောင် ဆိုးဝါး နေပါတယ်။ ဒီနယ်မြေဘက် ရောက်နေတဲ့ ကုလသမဂ္ဂ လူမှု စောင့်ရှောက်ရေး အဖွဲ့တွေ အနေနဲ့လည်း၊ သူတို့ တတ်နိုင်သလောက် ကူညီနေတဲ့ အကြောင်း၊ လေယာဉ်တွေ ကတဆင့် ပစ်ချ ပေးနေတဲ့ အစားအစာ နဲ့ ရေဗူးတွေ တော့၊ ဒီနေရာမှာ ပိတ်မိနေတဲ့ လူတချို့ ကိုအထောက်အကူ ပြုပေမဲ့ အခြေအနေ ဟာ ဆိုးဝါး ဆဲမို့ နိုင်ငံတကာ အနေနဲ့ ဝိုင်းဝန်း ကူညီ ကြဖို့ တိုက်တွန်းပါတယ် လို့ ပြောတာပါ။

ဗြိတိသျှ အစိုးရ ကလည်း DFID ခေါ် နိုင်ငံတကာ ဖွံ့ဖြိုးရေး အဖွဲ့ အကူအညီနဲ့ သောက်ရေဗူး၊ ရေသန့်ကိရိယာ ၊ နေရောင်ခြည်သုံး မီးအိမ်ပေါင်း ၈ဝဝ ကျော် ကို ဘုရင့်လေတပ်မတော် က လေယာဉ်တွေ နဲ့ ချပေးခဲ့ပါတယ်။

စင်ဂျာတောင်ပေါ် ရောက်နေတဲ့ ယာဇာဒီ အမျိုးသား တဦးက ဆိုရင်၊ အစ္စလာမ် သူပုန်တွေ ရဲ့ ရန်ပြုမှု အောက်မှာ ဘယ်လိုမှ မတွန်းလှန်နိုင်တဲ့ အကြောင်း၊ သူတို့ဟာ စမ်းချောင်းတွေ၊ ရေတွင်းတွေ အပေါ်ကို နေ့တိုင်းလို ဗုံးတွေ နဲ့ ပစ်ခွဲနေတဲ့ အတွက်၊ ဒုက္ခသည် အားလုံး ကို ရေငတ် သေအောင် လုပ်နေပုံ၊ ကလေး အများအပြား ဟာလည်း အစာရေစာ ငတ်ပြတ်ပြီး သေဆုံးကုန်သလို၊ ကျန်တဲ့လူတွေ ဟာလည်း ခရီးဆက်ဖို့ အားပြတ်နေကြလို့ တောင်ပေါ်မှာ ပိတ်မိ နေကြ ပါတယ် လို့ ပြောပြပါတယ်။

ကုလသမဂ္ဂ ဒုက္ခသည်များ အေဂျင်စီ က ပြောခွင့်ရ ပုဂ္ဂိုလ် ကလည်း၊ စင်ဂျာတောင်ပေါ် က ထွက်ပြေး လွတ်မြောက်လာတဲ့ ထောင်သောင်းချီတဲ့ ဒုက္ခ သည်တွေ ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းမှာ အီရပ်နိုင်ငံ မြောက်ဖက် ကားဒစ်ရှ် ဒေသဖက် ရောက်လာကြတယ် လို့ ပြောပါတယ်။

အဲဒီဘက်ရောက်လာတဲ့ သူတွေ ကို ကူညီတဲ့ အခါမှာလည်း အကန့်အသတ် ရှိနေပုံ၊ အထူးသဖြင့် သူတို့ ကို လက်လှမ်းမီအောင် လုပ်ရတဲ့နေရာ မှာ သိပ်ခက်ခဲ နေလို့၊ စနစ်တကျ အကူအညီ ပေးရမဲ့ အပိုင်း မှာ အခက်အခဲတွေ အများကြီးရှိနေတာ တွေ့ရပါတယ် လို့ ရှင်းပြသွားတာပါ။

ဒီ အရေးကိစ္စနဲ့ ပတ်သက်လို့ ဝေဖန် အကဲခတ်တွေ ကလည်း၊ ဗြိတိသျှ အစိုးရ အနေနဲ့ အခုလို ကူညီထောက်ပံ့မှု ပြုနေမဲ့ အစား အမေရိကန် လို အစ္စလာမ် စစ်သွေးကြွတွေ ကို စစ်ရေး အရ အရေးယူ စေချင်ပါတယ်။ ဒါပေမဲ့ အစိုးရ ကလည်း မနှစ် က ဆီးရီးယားအရေး မှာ စစ်ရေး အကူအညီပေးဖို့ မဲခွဲရာမှာ ရှုံးနိမ့်ထားတဲ့ သာဓက ကလည်း ရှိနေတဲ့ အတွက်၊ အထူးသတိထားနေပုံ ရတဲ့ အကြောင်း ဘီဘီစီ သံတမန်ရေးရာ သတင်းထောက် က ပြောပါတယ်။