ဂါဇာမှာနောက်ထပ် ၅ရက် အပစ်ရပ်ဖို့ထပ်တိုး

  • 13 ဩဂုတ် 2014
ဂါဇာမှာ အပစ်ရပ်ဖို့ဆွေးနွေးစဉ် ရော့ကက်ပစ်မှုတွေဆက်ဖြစ် ဓာတ်ပုံ မူပိုင်
Image caption ဂါဇာမှာ အပစ်ရပ်ဖို့ ဆွေးနွေးစဉ် ရော့ကက်ပစ်မှုတွေ ဆက်ဖြစ်

အစ္စရေးနဲ့ပါလက်စတိုင်းညှိနှိုင်းမှူးတွေကြားမှာ ဂါဇာဒေသ တိုက်ပွဲတွေကို နောက်ထပ်၅ရက် အပစ်အခတ်ရပ်စဲဖို့ သဘောတူ လိုက်ကြပါတယ်။ ဂါဇာကမ်းမြောင် ဒေသမှာ ဖြစ်နေတဲ့ စစ်ပွဲတွေကို အဖြေရှာဖို့ အီဂျစ်နိုင်ငံမှာ အစ္စရေးနဲ့ ပါလက်စတိုင်း ကိုယ်စားလှယ်တွေဟာ ကြားခံညှိနှိုင်းမှု ကတဆင့် ဆွေးနွေးနေကြတာ ဖြစ်ပါတယ်။ ပထမတော့ ပါလက်စတိုင်းနဲ့ အီဂျစ်အရာရှိတွေက သဘောတူညီချက် ရပြီလို့ပြောခဲ့ပါတယ်။

တချိန်ထဲမှာဘဲ အစ္စရေးဘက်ကို ဂါဇာရှိ ဟားမားစ်တို့က ရော့ကက်နဲ့ ငါးကြိမ်တိုက်တယ်လို့ အစ္စရေးစစ်တပ်ကပြောပါတယ်။ ဒါပေမယ့် အစ္စရေးဘက်မှာ ထိခိုက်ဒဏ်ရာရတာ မရှိခဲ့ပါဘူး။ ဟားမတ်စ်ကတော့ သူတို့ရော့ကက်နဲ့ ပစ်တာမဟုတ်ဘူးလို့ ငြင်းဆိုသွားပါတယ်။ အစ္စရေးဝန်ကြီးချုပ်နဲ့ ကာကွယ်ရေးဝန်ကြီးဌာနက အစ္စရေးတပ်ဖွဲ့တွေကို ရန်သူကိုပြန်တိုက်ဖို့ ညွှန်ကြားခဲ့ပါတယ်

တချိန်ထဲမှာဘဲ ဂျေရုဆလမ်က လာတဲ့သတင်းတွေအရ အစ္စရေး ဘက်ကလည်းနောက်ထပ် ၅ရက်အပစ်ရပ်ဖို့ သက်တမ်းတိုးတာ သဘောတူတယ်လို့ အစ္စရေး အဆင့်မြင့် တပ်ဘက် အရာရှိတယောက်က ဘီဘီစီကိုပြောပါတယ်။

ဒေသစံတော်ချိန် ညသန်းခေါင်မှာမူလ ၃ရက်အပစ်ရပ်တာ မပြီးဆုံးမီ နောက်ထပ် အပစ်ရပ်စဲရေး ထပ်တိုးလိုက်တာဖြစ်ပါတယ်။ ဆွေးနွေးပွဲတွေ အဖြေမရမဲ့ပုံ ပေါ်နေရာကနေ အခုလိုသဘောတူချက် ရလာတာလို့ ဂါဇာရှိ ဘီဘီစီ သတင်းထောက် ကယ်ဗင် ကော်နယ်လီက ပြောပါတယ်။

ဒါပေမယ့် ရှေ့ဆက် ညှိနှိုင်းရမယ့် ဆွေးနွေးပွဲတွေ အတော်လေး ခက်ခက်ခဲခဲ ဖြစ်လိမ့်မယ် လို့လည်း သူကပြောသွားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ