သင်္ချာ Fields Medal ဆုရှင်ထဲ အမျိုးသမီး ပါဝင်

ဓာတ်ပုံ မူပိုင် AFP
Image caption Fields Medal ဆု လက်ခံယူစဉ်

သင်္ချာ ပညာရပ် နယ်ပယ်မှာ နိုဘယ်ဆုလို တန်ဖိုးထားကြတဲ့ Fields Medal ဆုရှင် ၄ ဦး ရွေးချယ်ခဲ့ရာမှာ ဆုရရှိတဲ့ သူတွေထဲမှာ နှစ်ပေါင်း ၇၈ နှစ် အတွင်း ပထမဆုံး အကြိမ် အဖြစ် အမျိုးသမီး တစ်ဦး ပါဝင်ခဲ့ပါတယ်။

အမေရိကန် ပြည်ထောင်စု၊ ကာလီဖိုးနီးယား ပြည်နယ် စတန်းဖို့ဒ် တက္ကသိုလ် က အီရန် နိုင်ငံဖွား သင်္ချာ ပညာရှင် ပါမောက္ခ Maryam Mirzakhani ကို ဂျီသြမေတြီ နဲ့ ဒိုင်းနမစ် စနစ် ဆိုင်ရာ နယ်ပယ်မှာ သူမရဲ့ စွမ်းဆောင်ချက် တွေကြောင့် ခုလို ရွေးချယ် ခဲ့တာ ဖြစ်ပါတယ်။

သူမရဲ့ အောင်မြင်မှုက သိပ္ပံပညာရှင်၊ သင်္ချာ ပညာရှင် အမျိုးသမီးငယ် တွေကို အားတက်စေပြီး အမျိုးသမီး ဆုရှင်တွေ နောက်ထပ် ပေါ်လာစေရေးကို အားပေး နိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း Maryam Mirzakhani က ပြောပါတယ်။

Fields Medal ဆုရှင်တွေ ထဲမှာ နယူးဂျာစီ ပြည်နယ်၊ ပရင့်စ်တန် တက္ကသိုလ်က အိန္ဒိယ နွယ်ဖွား သင်္ချာ ပါမောက္ခ မစ္စတာ Manjul Bhargava လည်း အပါအဝင် ဖြစ်ပါတယ်။

ကျန် ၂ ဦး ကတော့ ယူကေနိုင်ငံ ဝါးဝစ်ခ် တက္ကသိုလ်က ပါမောက္ခ Martin Hairer နဲ့ ဘရာဇီး နိုင်ငံသား သင်္ချာပညာရှင် ဒေါက်တာ Artur Avila တို့ ဖြစ်ပါတယ်။

ဒီဆုတွေကို တောင်ကိုရီးယား နိုင်ငံ ဆိုးလ်မြို့မှာ ကျင်းပတဲ့ နိုင်ငံတကာ သင်္ချာပညာရှင်များ ကွန်ဂရက်မှာ ပေးအပ် ချီးမြှင့်ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ