ရုရှား ယာဉ်တန်း ချဉ်းကပ်လာ၊ တိုက်ပွဲ ပြင်းထန်နေ

  • 14 ဩဂုတ် 2014
ဓာတ်ပုံ မူပိုင် epa
Image caption ဒွန်းညက်စ်မြို့က ဒဏ်ရာရသူ တဦး

ယူကရိန်း အရှေ့ပိုင်းက လူတွေအတွက် အကူအညီ ပစ္စည်းတွေ တင်ဆောင်လာတဲ့ ရုရှား ယာဉ်တန်းဟာ သူပုန်တွေ ထိန်းချုပ်ထားတဲ့ ယူကရိန်း နယ်စပ်အနီးကို ချဉ်းကပ် သွားနေစဉ်မှာပဲ သူပုန်တွေ ရှိရာ ဒွန်းညက်စ် မြို့ကို ယူကရိန်း အစိုးရတပ်တွေက လက်နက်ကြီးတွေနဲ့ အပြင်းအထန် ပစ်ခတ် တိုက်ခိုက်နေပါတယ်။

အစောပိုင်း သတင်းတွေအရ ဒွန်းညက်စ်မြို့မှာ လက်နက်ကြီး ပေါက်ကွဲသံတွေ ကြားနေရပြီး အရေးပေါ် အချက်ပေးသံတွေကြောင့် ရုံးတွေထဲက လူတွေ ပြေးထွက် လာနေကြတယ်လို့ သိရပါတယ်။

ဓာတ်ပုံ မူပိုင် epa
Image caption ရုရှား ယာဉ်တန်း သူပုန် ထိန်းချုပ်ရာ ဒေသကို ဦးတည်နေဟု ယူဆရ

ပြီးခဲ့တဲ့ သီတင်းပတ် များစွာ ကတည်းက သူပုန်တွေ ထိန်းချုပ်ထားရာ ဒွန်းညက်စ်မြို့ကို ယူကရိန်း အစိုးရ တပ်တွေက ဝန်းရံ ပိတ်ဆို့ထားတာ ဖြစ်ပါတယ်။

အထောက်အပံ့ ပစ္စည်းတွေ တင်လာတဲ့ ရုရှား ယာဉ်တန်းမှာ ကုန်တင်ကား အစင်း ၂ဝဝ ကျော် ပါလာပြီး နယ်စပ်က မိုင် ၂ဝ လောက်ပဲ ဝေးတဲ့ နေရာမှာ ရောက်နေပြီလို့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

ဒီ ယာဉ်တန်း ဦးတည် သွားနေတဲ့ အရပ်ကို သေချာပေါက် မသိရပေမယ့် သူပုန် ထိန်းချုပ်မှု အောက်မှာ ရှိတဲ့ လူဟန့်စ် မြို့ဘက်ကို သွားနေတာလို့ ယူဆရပါတယ်။

ရုရှားက အကူအညီ ပစ္စည်းတွေ ပို့ဆောင်ပေးမှုကို ဗန်းပြပြီး နောက်ထပ် စွက်ဖက်မှုတွေ ရှိလာမှာကို ယူကရိန်း အစိုးရက စိုးရိမ်တဲ့ အတွက် ပစ္စည်းတွေ သယ်လာတဲ့ ယာဉ်တန်းကို ယူကရိန်း အစိုးရ ထိန်းချုပ်တဲ့ နယ်စပ်ကသာ ဖြတ်သန်းပြီး နိုင်ငံတကာ ကြက်ခြေနီ အဖွဲ့ရဲ့ ထိန်းချုပ်မှုနဲ့ ဆောင်ရွက်ဖို့ အစောပိုင်းက တောင်းဆိုထားတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ