အီဘိုလာကို ထိန်းချုပ်နိုင်ဖို့ ၆ လလောက် ကြာမယ်

  • 15 ဩဂုတ် 2014
ဓာတ်ပုံ မူပိုင် AFP
Image caption ကျန်းမာရေး ဝန်ထမ်း ၈၀ သေဆုံးခဲ့ရ

အနောက် အာဖရိကမှာ ပျံ့နှံ့ ဖြစ်ပွားနေတဲ့ အီဘိုလာ ရောဂါကို ထိန်းချုပ် နိုင်ဖို့အတွက် ၆ လလောက် အချိန် ယူရမယ်လို့ နယ်စည်း မခြား ဆရာဝန်များ အသင်း Medicins Sans Frontieres (MSF) ရဲ့ ဥက္ကဋ္ဌ ဂျိုအန် လူဝီ Joanne Lui က ပြောပါတယ်။

ရောဂါ ထိန်းချုပ် နိုင်ရေးအတွက် ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ WHO ရဲ့ ဦးဆောင်မှု နောက်မှာ နိုင်ငံတကာက ပိုမို ပူးပေါင်း ပါဝင် ဆောင်ရွက် ကြဖို့လည်း သူမက တိုက်တွန်း လိုက်ပါတယ်။

သေဆုံးသူ ၃၀၀ ကျော် ရှိသွားပြီ ဖြစ်တဲ့ လိုင်ဘေးရီးယားမှာ ရောဂါ ထိန်းချုပ်နိုင်ရေးဟာ အလွန် အရေးကြီးကြောင်း၊ အီဘိုလာကြောင့် ကျန်းမာရေး ဝန်ထမ်း ၈၀ သေဆုံး ခဲ့ရပြီး ၁၇၀ ဟာလည်း ရောဂါ ကူးစက် ခံထားရကြောင်း မစ္စစ် လူဝီ က ပြောပါတယ်။

အစောပိုင်းကလည်း အီဘိုလာ ရောဂါ ကူးစက် ပျံ့ပွားမှု အပေါ် အလွန့်အလွန် လျှော့တွက်ခဲ့မိကြောင်း ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ WHO က ပြောခဲ့ပါတယ်။

အီဘိုလာ ကူးစက် ရောဂါဟာ ဒီနှစ်ထဲမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီက ဂီနီ နိုင်ငံမှာ စတင် ဖြစ်ပွားခဲ့ပြီးနောက် လိုင်ဘေးရီးယား၊ ဆီရီယာ လီယွန်းနဲ့ နိုင်ဂျီးရီးယား နိုင်ငံတွေမှာပါ ဖြစ်ပွားခဲ့ပြီး ခုချိန်ထိ လူ ၁၀၆၉ ဦး သေဆုံးခဲ့ပြီး ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ