ကွန်တိန်နာထဲ လိုက်ပါလာသူတွေထဲက တယောက်သေဆုံး

  • 17 ဩဂုတ် 2014
sikhs ဓာတ်ပုံ မူပိုင် PA
Image caption ရဲက ဆိပ်ကမ်းမှာ စုံစမ်း စစ်ဆေး

ဘယ်လ်ဂျီယန်ကနေ သင်္ဘောနဲ့ တင်လာတဲ့ ကွန်တိန် နာကြီးထဲမှာ လူ၃၅ ယောက်ပါလာတာကို စနေနေ့ တုန်းက ဗြိတိန်နိုင်ငံ တေလ်ဘရီ ဆိပ်ကမ်းမှာ တွေ့ခဲ့ ကြရပါတယ်။

ကွန်တိန်နာနဲ့ ရောက်လာကြတဲ့လူ ၃၅ ယောက်ထဲမှာ ကလေး ၁၃ ယောက်တောင် ပါပါတယ်။

အဲဒီကလေးတွေဟာ အသက် ၁ နှစ်ကနေ ၁၂ ကြား အရွယ်တွေဖြစ်ကြပါတယ်။ သူတို့အားလုံးဟာ အာဖဂန်နစ္စတန်လူမျိုး ဆစ်ခ်ဘာသာဝင်တွေ ဖြစ်ကြပါတယ်။

သူတို့တတွေဟာ လူကုန်ကူးသူတွေရဲ့ သားကောင်ဖြစ်ခဲ့ကြရသူတွေပါလို့ ဗြိတိန်ရဲအဖွဲ့က ပြောပါတယ်။

ဗြိတိန်အချိန်မနက် ၆ နာရီ ၃၇ မိနစ်မှာ ဘယ်လ်ဂျီယန်နိုင်ငံ ဇဘူဂါကနေ ရောက်လာတဲ့ ကွန်တိန်နာကြီး တလုံးထဲမှာ လူတွေ ပါလာတာကို ရဲက တွေ့ခဲ့ရတာ ဖြစ်ပါတယ်။

သင်္ဘောဆိုက် ကပ်ပြီးနောက် ကွန်တိန်နာထဲကနေ နံရံကို ပုတ်ခတ်အော်ဟစ်သံတွေကို ကြားရလို့ ဖွင့်ကြည့်ရာမှာ သူတို့ကို တွေ့ခဲ့ကြရတာပါ။

သူတို့အားလုံး ၃၅ ယောက်ဖြစ်ပြီး လူကြီးကလေး ကျားမ အစုံဖြစ်ပါတယ်။

သင်္ဘောပေါ်မှာ ကွန်တိန်နာ ၁၅ လုံးပါပါ တယ်။ တခြား ကွန်တိန်နာတွေထဲမှာတော့ လူတွေပါတာ မတွေ့ရပါဘူး။

ဒီသင်္ဘောဟာ ဇဘူဂါ ဆိပ်ကမ်းနဲ့ တနေ့ နှစ်ခေါက်ပြေးဆွဲနေကျ ကုန်သင်္ဘော ဖြစ်ပါတယ်လို့ ပြောသွားတာ ဖြစ်ပါတယ်။

သူတို့ဟာ အာဖဂန်နစ္စတန် လူမျိုးတွေဖြစ်ကြပေမဲ့ အိန္ဒိယနိုင်ငံမှာ နေထိုင်သူတွေဖြစ်မယ်လို့ အစောပိုင်းစစ်ဆေးချက်တွေအရ ရဲက မှတ်ချက်ပြုပါတယ်။

ဇဘူဂါဆိပ်ကမ်းကို ကွန်တိန်နာဆိုက်ရောက်စဉ်ကတည်းက သူတို့ဟာ ကွန်တိန်နာထဲမှာ ရှိနေကြပြီး ဖြစ်ပုံရပါတယ်။ ဒါပေမဲ့ ဘယ်လ်ဂျီယံမှာ သူတို့ဟာ အပြင်ထွက်ခွင့်မရခဲ့ဘဲ ဗြိတိန်အထိပါလာတာဖြစ်ပုံရတယ်လို့ ဆိုပါတယ်။

သူတို့ထဲမှာ အငယ်ဆုံးက အသက် ၁ နှစ်ဖြစ်ပြီး အသက်အကြီးဆုံးက ၇၂ နှစ် အရွယ်အထိရှိပါတယ်။

ကံဆိုးတဲ့ တယောက်က တော့ အသက်ဆုံးရှုံးသွားပါတယ်။ အဲဒီလူဟာ အသက် ၄၀ကျော်အရွယ်ဖြစ်ပါတယ်။

လူနာထဲက ၂ ယောက်ဟာလည်း အခြေအနေနည်းနည်း ဆိုးတဲ့အတွက် ဆေးရုံတင်ထားရပါတယ်။ အသက်အန္တရာယ် တော့ စိုးရိမ်ရတဲ့ အနေအထား မရှိပါဘူး။

ကျန်တဲ့သူတွေကိုလည်း ဆေးရုံပို့ထားရပါတယ်။ သူတို့အားလုံးဟာ ရေဓါတ်နည်းပါးမှုနဲ့ အအေးဓါတ်လွန်ကဲမှု ဝေဒနာ ခံစားထားကြရတာကို တွေ့ရပါတယ်။

လူကုန်ကူးသူတွေက သူတို့ကို စီးပွားရေး ကောင်းမွန်တဲ့ နိုင်ငံမှာ နေရမယ်လို့ ပြောပြီး အခုလို ကွန်တိန်နာထဲထည့်ပေးလိုက်တာ ဖြစ်ပုံရပါတယ်။ အဲသလို လိုက်ပါခွင့်ရဖို့ အတွက် အခုလို တရားမဝင် ကူးပြောင်းလာရောက်လိုသူတွေဟာ တသက်တာ စုဆောင်းထားသမျှ စည်းစိမ်တွေကို ပုံအောပေးရလေ့ရှိပါတယ်။

ကမ္ဘာမှာ စီးပွားရေး မညီမျှမှုတွေရှိပြီး တချို့လူတွေဟာ ပိုမိုကောင်းမွန်တဲ့ ဘဝတခုကို ရဖို့ အတွက် အခုလို အသက်နဲ့ ရင်းပြီးစွန့်စားကြတာတွေကို မကြာခဏတွေ့ရလေ့ရှိပါတယ်။