မိုဆူးလ် ရေကာတာကို ပြန်သိမ်းနိုင်ပြီလို့ အီရတ် ပြော

  • 18 ဩဂုတ် 2014
ဓာတ်ပုံ မူပိုင် AP
Image caption ကာ့ဒ် တပ်ဖွဲ့ဝင်တွေက အမေရိကန်ရဲ့ လေကြောင်း ပစ်ကူနဲ့ တိုက်ခိုက်နေ

အီရတ်နိုင်ငံ မြောက်ပိုင်းက မဟာဗျူဟာ ကျတဲ့ မိုဆူးလ် ရေကာတာကို ဂျီဟတ်ဒစ် အိုင်အက်စ် စစ်သွေးကြွတွေ လက်ထဲကနေ ပြန်လည် သိမ်းယူနိုင်ခဲ့ပြီလို့ အီရတ်နဲ့ ကာ့ဒ် အရာရှိ တွေက ပြောပါတယ်။

ဒါပေမယ့် ရေကာတာနဲ့ ဆက်စပ်နေတဲ့ ထိန်းသိမ်းရေး ဆိုင်ရာ အဆောက်အအုံတွေ ဘက်မှာ တိုက်ပွဲတွေ ဆက်ဖြစ်နေဆဲ ဖြစ်ပြီး အထူးသဖြင့် တောင်ဘက်ပိုင်းမှာ စစ်သွေးကြွတွေ ထောင်ထားတဲ့ မိုင်းတွေကို ရှင်းလင်းနေတဲ့ တပ်ဖွဲ့တွေနဲ့ တိုက်ခိုက်နေဆဲ ဖြစ်တယ်လို့ အီရတ် စစ်ဌာနချုပ်က ပြောပါတယ်။

အစ္စလာမစ် နိုင်ငံ ထူထောင်လိုသူ ဂျီဟတ်ဒစ် တွေရဲ့ ကြေညာချက်ထဲမှာတော့ ဒီရေကာတာကို သူတို့ လက်လွှတ်လိုက်ရခြင်း မရှိဘူးလို့ ငြင်းခဲ့ပြီး ကာ့ဒ် တပ်ဖွဲ့တွေ အကျအဆုံး များခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။

ကာ့ဒ် မြေပြင် တပ်ဖွဲ့တွေဟာ အမေရိကန် တို့ရဲ့ လေကြောင်း အကာအကွယ် ပေးမှုတွေနဲ့ ဟန်ချက်ညီ တိုက်ခိုက် နေခဲ့တာ ဖြစ်ပါတယ်။

အခု တိုက်ပွဲအနီးမှာ ရှိနေတဲ့ ရေကာတာဟာ တခုခု ဖြစ်သွားရင် အချိန်မရွေး ထိခိုက်ပျက်စီးနိုင်တဲ့ အန္တရာယ် ရှိနေပြီး လူအမြောက်အမြား သေကြေ ပျက်စီးစေနိုင်တဲ့ ချိန်ကိုက်ဗုံး တစ်ခုလို ဖြစ်နေကြောင်း ကျွမ်းကျင်သူ ဒေါက်တာ Azzam Alwash က ပြောပါတယ်။

ရေ ကုဗမီတာ ၅ ဘီလျံ ၆ ဘီလျံ လောက် ရှိတဲ့ ဒီရေကာတာကို စစ်သွေးကြွတွေက ဖျက်ဆီးခဲ့မယ် ဆိုရင် ဆူနာမီ လှိုင်းကြီးလို ဖြစ်သွားပြီး မိုလ်ဆူးမြို့ဟာ ၃ နာရီအတွင်း ရေအောက်ကို ရောက်သွားနိုင်တယ်လို့ ဒေါက်တာ Azzam Alwash က ပြောခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ