ပျောက်ဆုံး အီဘိုလာ ရောဂါရှင် ၁၇ ဦးကို ပြန်တွေ့ပြီ

  • 19 ဩဂုတ် 2014
ဓာတ်ပုံ မူပိုင် AP
Image caption လိုင်ဘေးရီးယား ရောဂါရှင်တွေရဲ့ စခန်းကို လုံခြုံရေး တိုးမြှင့်ထား

လိုင်ဘေးရီးယား နိုင်ငံမှာ အီဘိုလာ ရောဂါသည်တွေ အတွက် သီးခြား ခွဲထားတဲ့ စခန်း တိုက်ခိုက် ခံရမှုကြောင့် ထွက်ပြေး သွားတယ်လို့ ယူဆ ရသူ ရောဂါသည် ၁၇ ယောက် စလုံးကို ပြန်တွေ့ပြီလို့ လိုင်ဘေးရီးယား အစိုးရက ကြေညာ လိုက်ပါတယ်။

ဒီလူတွေကို အထူး ကုသ စခန်း တခုကို လွှဲပြောင်း ပို့ဆောင် ထားတယ်လို့ လိုင်ဘေးရီးယား ပြန်ကြားရေး ဝန်ကြီး Lewis Brown က ပြောပါတယ်။

အီဘိုလာ ရောဂါ ကူးစက် ခံရတဲ့ ဆရာဝန် ၃ ယောက်ကို Zmapp ဆိုတဲ့ စမ်းသပ် ဆေးဝါး သုံးပြီး ကုသ ရာမှာ တိုးတက်မှုတွေ တွေ့ရကြောင်းလဲ သူက ပြောပါတယ်။

လူတွေနဲ့ စမ်းသပ်မှု မလုပ်ရသေး ပေမယ့် အီဘိုလာကို ကုသဖို့ တခြားဆေး မရှိတဲ့အတွက် ကမ္ဘာ့ ကျန်းမာရေး အဖွဲ့က အဲဒီ စမ်းသပ် ဆေးတွေကို သုံးခွင့် ပေးထားပါတယ်။

အခုတော့ အဲဒီ စမ်းသပ် ဆေးတွေလည်း ရောင်းစရာ လက်ကျန် မရှိတော့ဘူးလို့ ဆေးဝါး ထုတ်လုပ်သူတွေက ပြောပါတယ်။

လိုင်ဘေးရီးယားမှာ ပြည်သူ တချို့က အီဘိုလာ ရောဂါကို လှည့်ကွက် တခုလို့ ထင်နေသေးတာကြောင့် အီဘိုလာ အကြောင်း အသိပညာပေး လှုပ်ရှားမှုတွေကိုလည်း လုပ်ဆောင်နေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ