သတင်းပေးလို့ မသင်္ကာသူ ၁၈ ဦးကို ဂါဇာမှာ ပစ်သတ်

  • 22 ဩဂုတ် 2014
ဓာတ်ပုံ မူပိုင် epa
Image caption ကြာသပတေးနေ့က ဟားမတ်စ် တပ်မှူး ၃ ဦး သေဆုံးခဲ့

အစ္စရေး ဘက်သား သတင်းပေးသမားလို့ သံသယရှိသူ အနည်းဆုံး ၁၈ ယောက်ကို ဂါဇာမှာ သတ်ဖြတ် ခဲ့တယ်လို့ ဂါဇာက လာတဲ့ သတင်းတွေက ပြောပါတယ်။

ဂါဇာက အကြီးဆုံး ဗလီကြီးမှာ ဝတ်ပြု နေကြတဲ့ ရာနဲ့ချီတဲ့ သူတွေ ထဲက လူ ၆ ယောက်ကို ဆွဲထုတ်ပြီး မျက်နှာဖုံးစွပ် သေနတ် သမား တွေက အပြင်မှာ ပစ်သတ် ခဲ့တယ်လို့ မျက်မြင် သက်သေ တွေက ဆိုပါတယ်။

သူလျှိုလို့ မသင်္ကာ ခံရတဲ့ တခြား လူ ၁၁ ယောက် ကိုတော့ ရဲစခန်း တစ်ခုမှာ ပစ်သတ်ခဲ့တယ်လို့ ပထမ လာတဲ့ သတင်းတွေ အရ ဆိုပါတယ်။

ဒါပေမယ့် နောက်ပိုင်းမှာ သက်သေတွေရဲ့ ပြောစကားအရ အဲဒီ လူ ၁၁ ယောက်ကို ရင်ပြင် တစ်ခုမှာ သတ်ခဲ့တာလို့ သိရပါတယ်။

နောက်ထပ် လူ တယောက်လည်း ပစ်သတ် ခံရတယ်လို့ ဆိုပါတယ်။

ဒီသတ်ဖြတ်မှု တွေဟာ ဟားမတ်စ် တပ်မှူး ၃ ယောက် ကို အစ္စရေးက လေကြောင်းကနေ တိုက်ခိုက် သတ်ဖြတ် ခဲ့ပြီး နောက်တနေ့မှာ ဖြစ်ပွား ခဲ့တာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ