ရုရှကွန်ဗွိုင်ကားတန်း ပြန်ထွက်ဖို့ အမေရိကန်ပြော

  • 22 ဩဂုတ် 2014
comboio_russo_na_ucrania ဓာတ်ပုံ မူပိုင် AP
Image caption ရုရှကွန်ဗွိုင်ကားတန်း ယူကရိန်းထဲ ၀င်လာ

အရှေ့ယူကရိန်း က စစ်ပြေး ဒုက္ခသည် အရပ်သားတွေ အတွက် အရေးပေါ် ထောက်ပံ့ရေး ပစ္စည်းတွေ သယ်ဆောင် လာတဲ့ ကွန်ဗွိုင် ကားတန်းဟာ ယူကရိန်း အာဏာပိုင် တွေ ရဲ့ ခွင့်ပြုချက် ကို မစောင့် ပဲ၊ ဝင်လာ ခဲ့ပါတယ်။

ဒါဟာ အန္တရာယ်များတဲ့ အခြေအနေ တရပ် ကို ဖန်တီးလိုက်တဲ့ အသွင်ဆောင်ကြောင်း၊ ဒါပေမဲ့ ရုရှ ရော ယူကရိန်းပါ၊ လူသားချင်းစာနာ တဲ့ ကူညီပံ့ပိုးမှု အပိုင်း မှာ နိုင်ငံတကာ နဲ့ ပါ ပူးပေါင်း ဆောင်ရွက်နိုင်ရင်၊ အရှေ့ယူကရိန်း က ဒေသခံတွေ အတွက် အထောက်အကူ ဖြစ်စေနိုင်ကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း က ပြောပါတယ်။

ဒါပေမဲ့ အမေရိကန် ကတော့ ဒီအပြုအမူ ဟာ ယူကရိန်းရဲ့ အချုပ်အချာ အာဏာ နယ်မြေ ပိုင်ဆိုင်မှု ကို ကျူးကျော်တဲ့ အတွက် ရှုံချကြောင်း၊ ယူကရိန်း နယ်မြေထဲက ဒီထရပ်ကားတွေ မထွက်ပေးရင်၊ ရုရှ အနေနဲ့ နောက်ထပ် ဒဏ်ခတ်ပိတ်ဆို့မှု နဲ့ ကြုံနိုင်ပုံ ကို အမျိုးသားလုံခြုံရေး ဒုတိယ အကြံပေး အရာရှိ ဘင်ရို့ဒ်စ် က ပြောပါတယ်။

အမေရိကန် အစိုးရဟာ ယူကရိန်း အစိုးရ နဲ့ ဆက်သွယ် ဆွေးနွေးပြီး ဖြစ်သလို၊ ကုလ လုံခြုရေး ကောင်စီ နဲ့ လည်း ဆက်သွယ်ဉီးမဲ့ အကြောင်း၊ ရုရှ အနေနဲ့ ယူကရိန်းထဲ က ဒီ ကွန်ဗွိုင်ကားတန်း ကို မဖယ်ရှားပေးရင် အမေရိကန် နဲ့ ရော နိုင်ငံတကာ နဲ့ ပါ ထိတ်တိုက် တိုးစရာ ဖြစ်မှာပါ လို့ သတိပေးလိုက်ပါတယ်။

ကုလသမဂ္ဂ ဆိုင်ရာ ရုရှ သံအမတ်ကြီး ဗီတာလီ ချာကင် ကတော့၊ ဒီကားတန်း ဟာ အကူအညီလိုအပ်တဲ့ လူတွေ ဆီ ရောက်ဖို့ စောင့်ဆိုင်းနေတာ ကြာလှပါပြီ။ ဒါကြောင့် မို့ ဇွတ်ဝင်သွားရ ပါတယ်။ တကယ် လို့ ယူကရိန်း အရာရှိတွေ အနေနဲ့ ဒါကိုပဲ ရေးကြီးခွင်ကျယ် လုပ်နေရင်တော့ စိတ်မကောင်းပါဘူး။ လိုအပ်နေတဲ့ လူတွေ ဆီ ကို အကူအညီရောက်ဖို့ က အရေးကြီးပါတယ် လို့ ပြောပါတယ်။